ကားဗုံးခွဲ တိုက်ခိုက်မှုကြောင့် ကာဘူးလ်မှာ အသေအပျောက်များ

  • 31 မေ 2017
Image caption သံရုံးတွေ အနားမှာ ဖောက်ခွဲ တိုက်ခိုက်ခဲ့

အာဖဂန်နစ္စတန် နိုင်ငံ ကာဘူးလ် မြို့တော်က သံတမန် ရပ်ကွက်မှာ အသေခံ ကားဗုံးခွဲ တိုက်ခိုက်မှုကြီး တစ်ခုကြောင့် လူ ၈၀ သေဆုံးပြီး နောက်ထပ် ၃၅၀ ကျော် ဒဏ်ရာ ရခဲ့တယ်လို့ အာဖဂန် အရာရှိတွေက ပြောပါတယ်။

သေဆုံးသူတွေထဲ မှာ ဘီဘီစီ သတင်း အဖွဲ့က အသုံးပြုတဲ့ ကားသမား မိုဟာမက် နာဇီရာ လည်း ပါဝင်ခဲ့ပြီး နောက် ဘီဘီစီ ဝန်ထမ်း လေးယောက် ဒဏ်ရာ ရခဲ့ပါတယ်။

ဖောက်ခွဲရေး ပစ္စည်းတွေ အပြည့် တင်လာတဲ့ ထရပ်ကားကို မနက် လူသွားလူလာ များချိန် သံရုံးတွေ အနားမှာ ဖောက်ခွဲ တိုက်ခိုက်ခဲ့တာပါ။

အနီးအနားက ကားတွေ အတော်များများ ပျက်စီးပြီး မှန်စတွေက ကီလိုမီတာ အတော်ဝေးဝေး အထိ ပြန့်ကြဲ သွားခဲ့ပါတယ်။

ငလျင်လှုပ်သလို မြေကြီးတွေ တုန်သွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီတိုက်ခိုက်မှု သူတို့ နဲ့ မပတ်သက်ကြောင်း တာလီဘန်တို့က ငြင်းဆိုပါတယ်။

ကာဘူးလ် မြို့တော်မှာ ဖြစ်ပေါ် ခဲ့တဲ့ တိုက်ခိုက်မှု တချို့ကို အိုင်အက်စ် အဖွဲ့က လုပ်ဆောင် ခဲ့ဖူးပါတယ်။