ပဲရစ်စာချုပ်က ကန်ထွက်မလား

  • 31 မေ 2017
ဓာတ်ပုံ မူပိုင် RYAN TONG
Image caption ဖန်လုံအိမ် ဓာတ်ငွေ့ထုတ်လွှတ်တဲ့ ကိစ္စတွေကို ကိုင်တွယ်ဖို့ စုပေါင်း လက်မှတ်ထိုး

အမေရိကန် သမ္မတ ထရမ့်က သူ့နိုင်ငံကို ရာသီဥတု ပြောင်းလဲမှု ဆိုင်ရာ ပဲရစ် သဘောတူစာချုပ်ထဲက ဆွဲထုတ်တော့မလား မကြာခင် ကြေညာတော့မယ်လို့ ပြောနေပါပြီ။

၂ဝ၁၅ တုန်းက ပဲရစ်မှာ ၁၉၅ နိုင်ငံ စုပေါင်း လက်မှတ်ထိုးခဲ့ကြတဲ့ ဒီသဘောတူညီမှုဟာ ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုကို ပြုပြင်ထိန်းချုပ်ဖို့ လက်မှတ်ထိုးခဲ့ကြတာပါ။

စက်မှုနဲ့ စိုက်ပျိုးရေး လုပ်ငန်းတွေကြောင့် ပတ်ဝန်းကျင်ကို ထိခိုက်စေတဲ့ ဖန်လုံအိမ် ဓာတ်ငွေ့ထုတ်လွှတ်တာလို ကိစ္စတွေကို ကိုင်တွယ်ဖို့ ခုလို စုပေါင်း လက်မှတ်ထိုးတာ ဖြစ်ပါတယ်။

ကမ္ဘာ့အပူချိန်ကို စက်မှုလုပ်ငန်းတွေ မပေါ်ခင်ခေတ်ကလို ဖြစ်အောင် ပြန်ထားဖို့၊ နောက်လူကြောင့်ဖြစ်တဲ့ ဖန်လုံအိမ် ဓာတ်ငွေ့တွေကို သဘာဝအတိုင်း သစ်ပင်တွေက ပြန်စုပ်ယူနိုင်တဲ့ ပမာဏထိ လျှော့ချနိုင်ဖို့၊ ဒီစာချုပ်ဝင်နိုင်ငံတွေရဲ့ ထုတ်လွှတ်မှုကို ၅ နှစ်တကြိမ် ပြန်သုံးသပ်ဖို့၊ ပြီးတော့ ချမ်းသာတဲ့ နိုင်ငံတွေက ဆင်းရဲတဲ့ နိုင်ငံတွေမှာ ပတ်ဝန်းကျင် ထိန်းသိမ်းမှုအတွက် ကူဖို့ ဆိုတာတွေကို လက်မှတ်ထိုးခဲ့ကြတာပါ။

အမေရိကန် သမ္မတ ထရမ့်က ဒီရာသီဥတုပြောင်းလဲမှုဆိုတာဟာ တရုတ်အစိုးရရဲ့ ထွင်လုံးလို့ ဆိုခဲ့ပါတယ်။

ဒီလို ဓာတ်ငွေ့ထုတ်လွှတ်တာတွေကို ကန့်သတ်လိုက်ရင် အမေရိကန်စီးပွားရေး ထိခိုက်မယ့်အပြင် သူတို့ စွမ်းအင်သုံးစွဲမှုကို ပြည်ပကနေ ဝင်စွက်ဖက်နေမယ် ဆိုပြီး ဒီစာချုပ်ကို ငြင်းပယ်ဖို့ ရွေးကောက်ပွဲ ကတည်းက ပြောခဲ့ပါတယ်။

ဒါပေမဲ့လည်း နိုင်ငံအလိုက် ဓာတ်ငွေ့ထုတ်မှုကို ကန့်သတ်တာက ကိုယ့်သဘောကျ ဖြစ်ပြီး ပြည်ပက ပါတာ မဟုတ်ပါဘူး။

ထွက်မယ်ဆိုရင်လည်း ၃ နှစ်ကြိုပြောရမှာမို့ အနည်းဆုံး ၂ဝ၂၁ လောက်မှ ဖြစ်မှာပါ။

ဒီအချိန်မှာ ဒေါ်နယ်ထရမ့် သမ္မတ သက်တမ်းက ပြီးလောက်ပါပြီ။

ဒါပေမဲ့ ထွက်ဖို့မှာတော့ ဆီးနိတ် လွှတ်တော် သဘောတူညီချက်ယူရမှာမို့ အဲဒီမှာ ရီပတ်ဘလစ်ကန်တွေ အများစု ကြီးစိုးထားတာမို့ ထွက်လို့ရနိုင်တဲ့ အနေအထားပါ။

မျက်နှာ ဖြတ်ရိုက်သလို ဖြစ်နိုင်

ဒီလို ထွက်တယ်ဆိုရင် နိုင်ငံတကာ အသိုင်းအဝိုင်းကို မျက်နှာ ဖြတ်ရိုက်သလို ဖြစ်နိုင်ပြီး ဖွံ့ဖြိုးဆဲ နိုင်ငံတွေအတွက် ပတ်ဝန်းကျင် ထိန်းသိမ်းရေး အခွင့်အလမ်းမှာ ထိခိုက်လာနိုင်ပါတယ်။

အမေရိကန်ဟာ ကမ္ဘာမှာ ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့ထုတ်တာ တရုတ်ပြီးရင် အဆိုးဆုံးမို့ သူ ဒီစာချုပ်က ထွက်တာဟာ ပြဿနာကြီး ဖြစ်နိုင်ပါတယ်။

သူထွက်ရင် တခြားနိုင်ငံတွေ လိုက်ထွက်တာတို့၊ စာချုပ်ကို မလေးစားတာတို့လို ကိစ္စတွေ ပေါ်လာနိုင်ပါတယ်။

ဒါပေမဲ့ တရုတ်၊ အိန္ဒိယနဲ့ အီးယူကတော့ စာချုပ်ကို ဆက်ဆုပ်ကိုင်ထားမယ့် ပုံပြနေပါတယ်။

မစ္စတာ ထရမ့်ထွက်ချင်တယ် ဆိုလည်း စာချုပ်က ဆက်အသက်ဆက်အုံးမယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres က ဘီဘီစီကိုပြောပါတယ်။

ဒါပေမဲ့ ExxonMobil Corp၊ Dow Chemical နဲ့ Unilever NV စတဲ့ ကုမ္ပဏီကြီးတွေက စာချုပ်မှာ ဆက်နေဖို့ သမ္မတကို တိုက်တွန်းနေသလို ကယ်လီဖိုးနီးယားလို ပြည်နယ်တချို့ကလည်း ဒီလိုထွက်ရင်မှားမယ်လို့ ဆိုပါတယ်။

ပြင်သစ် အစိုးရ ပြောခွင့်ရ Christophe Castaner က တော့ ဒီစာချုပ် ဆက်လက်တည်တံ့ဖို့ အပြင်းအထန် ကြိုးစားမယ်လို့ ဆိုပါတယ်။

ဒီစာချုပ် သန္ဓေတည်ခဲ့တဲ့ နိုင်ငံအနေနဲ့ ပြင်သစ်က ဆက်ပြီး စာချုပ်အသက်ဆက်ဖို့ ကြိုးစားမှာပါ။ ဒီအတွက် ဥရောပ မဟာမိတ်တွေနဲ့ တွဲပြီး လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption ပဲရစ် စာချုပ်က မထွက်ဖို့ ဆန္ဒပြ

ထွက်ဖို့ ဖိအားတွေ ရှိ

နောက် အိမ်ဖြူတော်ထဲမှာ သမ္မတ ထရမ့် သမီးအပါအဝင် အကြံပေးတချို့က စာချုပ်က မထွက်ဖို့ ကန့်ကွက်မှုတွေ ရှိနေပေမယ့် သူ့အစိုးရထဲမှာလည်း ထွက်ဖို့ ဖိအားတွေ ရှိနေပါတယ်။

စီးပွားရေး အကြံပေး Steve Bannon လိုလူမျိုးက အမေရိကန် အကျိုးစီးပွားဟာ နိုင်ငံတကာရဲ့ ရှေ့က လာသင့်တယ်လို့ ယူဆတာပါ။

နောက် အမေရိကန် ပတ်ဝန်းကျင် ထိန်းသိမ်းရေး အေဂျင်စီ အကြီးအကဲ Scott Pruitt လိုသူကျတော့ ဆိုရှယ်လစ် စနစ်က ကမ္ဘာမြေ အကျုးစီးပွား လိုလားတဲ့ပုံနဲ့ ဟန်ဆောင်ဝင်လာတာလို့ ထင်နေသူ ဖြစ်ပါတယ်။

နောက် စီးပွားရေးအရ နိမ့်ကျတဲ့ အနောက် ဗာဂျင်းနီးယား၊ အိုဟိုင်းယိုး စတဲ့နယ်တွေက ကျောက်မီးသွေးတူးသမားတွေကလည်း ထရမ့်အနိုင်ရဖို့ ထောက်ခံခဲ့သူတွေမို့ သူတို့အလုပ်အကိုင်တည်မြဲဖို့က ပင်လယ်ရေမျက်နှာ မြင့်တက်လာတယ၊ ပတ်ဝန်းကျင် ပုံစံပြောင်းလာတာတွေထက် ပိုအရေးကြီးနေပါတယ်။

ဒါကြောင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် ဥရောပက အာဖရိက၊ အာရှ၊ တရုတ် အစိုးရ တွေနဲ့ လက်တွဲပြီး ခေါင်းဆောင်မှုကို ယူဖို့ အသင့်ရှိတယ်လို့ ထိပ်တန်း အီးယူ အရာရှိ တွေက ပြောဆိုနေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ