ပဲရစ် သဘောတူမှုထဲက နှုတ်ထွက်မယ်လို့ ထရမ့် အတည်ပြု

  • 1 ဇွန် 2017
Image caption အမေရိကန် စီးပွားရေး အပေါ် ဝန်ထုတ်ဝန်ပိုး ဖြစ်စေ

ကမ္ဘာ့ ရာသီဥတု ပြောင်းလဲမှု ထိန်းချုပ်ခြင်း ဆိုင်ရာ ၂ဝ၁၅ ပဲရစ် သဘောတူမှုထဲက အမေရိကန်ပြည်ထောင်စု နှုတ်ထွက်မယ်လို့ သမ္မတ ဒေါ်နယ်ထရမ့် အတည် ပြုလိုက်ပြီ ဖြစ်ပါတယ်။

ပဲရစ် သဘောတူမှုပါ အချက်တွေဟာ အမေရိကန် စီးပွားရေး အပေါ် ဝန်ထုတ်ဝန်ပိုး ဖြစ်စေတယ် ဆိုပြီး အိမ်ဖြူတော် အပြင်ဘက်မှာ ထရမ့်က သတင်းထောက်တွေကို ပြောပါတယ်။

ဒါ့အပြင် လက်ရှိ ပဲရစ် သဘောတူမှု အရ တခြား နိုင်ငံတွေကိုသာ အကျိုး ရှိနေ စေတာကြောင့် အမေရိကန် အနေနဲ့ ဒီ နိုင်ငံတကာ စာချုပ်ထဲ ပြန်လည် ဝင်ရောက်ဖို့ ဆိုရင် ပိုပြီး မျှတတဲ့ အချက်အလက်တွေ ရရှိဖို့ လိုတယ်လို့ သမ္မတ ထရမ့်က ဆိုပါတယ်။

ထရမ့်ရဲ့ အဆိုအရ အမေရိကန် အနေနဲ့ ပဲရစ် သဘောတူမှုနဲ့ ပတ်သက်ပြီး သူ့ အနေနဲ့ ပြန်လည် ညှိနှိုင်းမှု တွေ စတင် ပြုလုပ်ကောင်း ပြုလုပ်မယ်လို့လည်း ပြောပါတယ်။

ထရမ့်ရဲ့ ဆုံးဖြတ်ချက်ဟာ အနာဂတ်ကို ငြင်းပယ် လိုက်တာပဲလို့ ဒီ ပဲရစ် သဘောတူမှု အထမြောက် လာအောင် လုပ်ဆောင်ခဲ့တဲ့ သမ္မတဟောင်း အိုဘားမားက ဝေဖန်ပါတယ်။

ပဲရစ် သဘောတူမှုထဲက နှုတ်ထွက်မယ် ဆိုတဲ့ ထရမ့်ပေးခဲ့တဲ့ ရွေးကောက်ပွဲ ကတိကဝတ် တစ်ခု ဖြစ်ပါတယ်။

ဒီလို နှုတ်ထွက်ရင် အမေရိကန်ရဲ့ ရေနံနဲ့ ကျောက်မီးသွေး ထုတ်လုပ်တဲ့ လုပ်ငန်းတွေ အတွက် အကျိုးကျေးဇူး ရှိလိမ့်မယ် ဆိုပြီး ထရမ့်က ပြောဆို ခဲ့ပါတယ်။

နိုင်ငံတကာ ကြုံတွေ့ နေရတဲ့ အခက်အခဲ ပြဿနာ တစ်ခုမှာ အမေရိကန် အနေနဲ့ အခုလို ပြုမူရင် ကမ္ဘာ့ ဦးစီးဦးဆောင် အဖြစ် ထမ်းဆောင်ရမယ့် တာဝန် ဝတ္တရားကို ရှောင်ဖယ်ရာ ရောက်တယ် ဆိုပြီး အတိုက်အခံတွေကတော့ ပြောနေပါတယ်။

အမေရိကန် အနေနဲ့ ပေးထားနှင့်ပြီး ကတိကဝတ်တွေကို မချိုးဖောက်ဖို့ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် အန်ထော်ညူး ဂူထာရက်ရှ်ကလည်း အစောပိုင်းတုန်းက တိုက်တွန်း ထားပါတယ်။

ရာသီဥတု ပြဿနာကို ကိုင်တွယ် နိုင်ဖို့ ဆိုရင် ကမ္ဘာ့ စီးပွားရေး အင်အား အကြီးဆုံး အမေရိကန်ရဲ့ အားပေး ကူညီမှု ပါဝင်ဖို့ အင်မတန် လိုအပ်လှတယ် ဆိုပြီး မစ္စတာ ဂူတားရက်ရှ်က ဆိုပါတယ်။