မြောက်ကိုရီးယားကို ပိတ်ဆို့မှု အသစ်တွေလုပ်ဖို့ လုံခြုံရေးကောင်စီ ဆုံးဖြတ်

  • 2 ဇွန် 2017
Image caption ပြုံယမ်း အစိုးရက ဒုံးကျည် ပစ်လွှတ်မှုတွေ ထပ်ပြန်တလဲလဲ လုပ်ဆောင်

မြောက်ကိုရီးယား ကုမ္ပဏီ ၄ ခုနဲ့၊ အစိုးရ အရာရှိ ၁၄ ယောက် အပေါ် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက ပိတ်ဆို့ ကန့်သတ်မှုတွေ ချမှတ် လိုက်ပါတယ်။

အမေရိကန်နဲ့ တရုတ်တို့ ပူးတွဲပြီး အကြံပြု ခဲ့တာတွေကို လုံခြုံရေး ကောင်စီအတွင်း တခဲနက် အတည်ပြု ခဲ့တာပါ။

ပြုံယမ်း အစိုးရဘက်က ဒုံးကျည် စမ်းသပ် ပစ်လွှတ်မှုတွေ ထပ်ပြန်တလဲလဲ လုပ်ဆောင် လာခဲ့တဲ့ အတွက် အခုလို ဖိအားပေး လုပ်ဆောင် လာတာ ဖြစ်ပါတယ်။

အခု ပိတ်ဆို့ အရေးယူ ခံလိုက်ရတဲ့ သူတွေထဲ နိုင်ငံရပ်ခြား တိုင်းပြည်တွေမှာ မြောက်ကိုရီးယား အစိုးရရဲ့ ထောက်လှမ်းရေး လုပ်ငန်းတွေကို ကြီးကြပ်ရသူလည်း ပါဝင်နေပါတယ်။

ပိတ်ဆို့တဲ့ ပုံစံတွေထဲ နိုင်ငံတကာ ခရီးသွားလာမှု ကန့်သတ်တာမျိုးတွေ၊ ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်တာမျိုးတွေ ပါဝင် ပါတယ်။

ပြီးခဲ့တဲ့ ကြာသပတေး နေ့တုန်းကပဲ၊ အမေရိကန် အစိုးရကလည်း မြောက်ကိုရီးယား ကုမ္ပဏီတွေ အပါအဝင် အဖွဲ့အစည်း ၉ ခုနဲ့ လူပုဂ္ဂိုလ် ၃ ယောက်အပေါ် နာမည်ပျက် စာရင်း သွင်းခဲ့ပါတယ်။

ဘရပ်ဆဲလ်စ် မြို့မှာ ရောက်နေတဲ့ တရုတ် ဝန်ကြီးချုပ် လီကာချန်းကလည်း မြောက်ကိုရီးယား ဘက်က ဒုံးကျည် ရည်မှန်းချက် စွန့်လွှတ်သွားဖို့ တရုတ် အနေနဲ့ လုပ်ဆောင် သွားမယ် ဆိုပြီး ကတိပြု ပြောဆို ခဲ့ပါတယ်။