ပဲရစ်သဘောတူမှုက အမေရိကန် ထွက်တာကို နိုင်ငံတကာ ဝေဖန်

  • 2 ဇွန် 2017
Image caption ရာသီဥတု ပြဿနာ အရေး အမေရိကန်က မဆွေးနွေး မညှိနှိုင်းတော့ဘူး ဆိုတဲ့ အဓိပ္ပာယ် မသက်ရောက်

ကမ္ဘာ့ ရာသီဥတု ပြောင်းလဲနေတဲ့ ပြဿနာကို ကိုင်တွယ်ရေး အတွက် ရည်ရွယ် ချုပ်ဆိုထားတဲ့ ပဲရစ် သဘောတူမှုထဲကနေ အမေရိကန် ပြည်ထောင်စု နှုတ်ထွက်ဖို့ သမ္မတ ဒေါ်နယ် ထရမ့် ဆုံးဖြတ်ခဲ့တဲ့ အပေါ် ကမ္ဘာတလွှားက ဆင်းရဲ ချမ်းသာ နိုင်ငံတွေ အသီးသီး ရှုတ်ချ နေကြပါ တယ်။

လူသား သန်းပေါင်းများစွာ အရေး ထရမ့်က ထည့်သွင်း မစဉ်းစားကြောင်း ပြသ လိုက်တာပဲ ဆိုပြီး ဖွံ့ဖြိုးမှု အနည်းဆုံး ၄၈ နိုင်ငံ အဖွဲ့က စွပ်စွဲ ပြစ်တင် ပါတယ်။

ရာသီဥတု ပြဿနာ ကိုင်တွယ်ရေးမှာ ပူးပေါင်း ဆောင်ရွက်မှုတွေ တိုးမြှင့်မယ် လို့ ဥရောပ သမဂ္ဂ အဖွဲ့ အီးယူနဲ့ တရုတ် နိုင်ငံတို့က ပြောဆို နေသလို၊ အိန္ဒိယ နိုင်ငံကလည်း ပဲရစ် သဘောတူမှုပါ အချက်တွေကို လေးစား လိုက်နာမယ့် အကြောင်း ထပ်လောင်း ပြောဆို ပါတယ်။

ပဲရစ် သဘောတူမှုထဲက နှုတ်ထွက်တယ် ဆိုပေမယ့် ရာသီဥတု ပြဿနာ အရေး အမေရိကန်က မဆွေးနွေး မညှိနှိုင်းတော့ဘူး ဆိုတဲ့ အဓိပ္ပာယ် မသက်ရောက်ဘူး ဆိုပြီး အမေရိကန် အစိုးရရဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာ အေဂျင်စီ အဖွဲ့ အကြီးအကဲ စကော့ ပရူးအစ် က အိမ်ဖြူတော်မှာ လုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။

သဘောတူမှု အသစ် တစ်ခု ရရှိလာအောင် အမေရိကန်နဲ့ ဆွေးနွေးမှာလား ဆိုတာ ကမ္ဘာ့ ခေါင်းဆောင်တွေ အပေါ်မှာ မူတည်တယ်လို့ မစ္စာ ပရူးအစ်က ဆိုပါတယ်။

ကမ္ဘာ့ရာသီ ဥတု ပြောင်းလဲ နေတယ် ဆိုတဲ့ အချက်အလက်ဟာ တီထွင် ဖန်းတီး ပြောဆိုနေတဲ့ ယုံတမ်းစကား သဖွယ် အဖြစ်သာ သမ္မတ ထရမ့်က ထင်နေတာလား ဆိုတဲ့ သတင်းထောက် တွေရဲ့ မေးခွန်းတွေကို အိမ်ဖြူတော် ပြောခွင့်ရ ရှောင် စပိုက်ဆာနဲ့ မစ္စတာ ပရုးအစ်တို့ မဖြေဆိုပဲ ထပ်ခါတလဲလဲ လွှဲရှောင် ခဲ့ပါတယ်။

မစ္စတာ ပရူးအစ် အနေနဲ့ ကတော့ ကမ္ဘာကြီး ပိုမို ပူနွေး လာနေတယ် ဆိုတဲ့ အချက်နဲ့ ဒီ ဖြစ်ရပ်ဟာ လူသားတို့ရဲ့ ပယောဂ တစိတ်တပိုင်း ပါဝင်တယ် ဆိုတဲ့ အချက်ကို လက်ခံတဲ့ သဘော ပြောဆို ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ