တောင်တရုတ်ပင်လယ်က တရုတ်ရဲ့လုပ်ပုံတွေကို ကန် ကာကွယ်ရေးဝန်ကြီးဝေဖန်

  • 3 ဇွန် 2017
ဓာတ်ပုံ မူပိုင် Getty Images
Image caption ဒီဒေသက ကျွန်းစုနဲ့ ရေပိုင်နက်တွေကို တရုတ်အပါအဝင် ထိုင်ဝမ်၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ မလေးရှားနဲ့ ဘရူနိုင်းတို့က တစိတ်တပိုင်းစီ ပိုင်ဆိုင်တယ်ဆိုပြီး အငြင်းအခုန်တွေ ရှိနေခဲ့

တောင်တရုတ်ပင်လယ်မှာ တရုတ်ပြည်သူ့သမ္မတ နိုင်ငံက ကျွန်းတုတွေဆောက်ပြီး စစ်ရေးအရ အသုံးချနေတာဟာ ဒေသလုံခြုံရေး ထိခိုက်နေလို့ အမေရိကန်ကာကွယ်ရေးဝန်ကြီး ဂျိမ်းစ် မက်တစ်စ်က ဝေဖန်လိုက်ပါတယ်။

စင်္ကာပူမှာ ကျင်းပနေပြီး နိုင်ငံတကာက ကာကွယ်ရေး ဝန်ကြီးတွေ တက်ရောက်နေတဲ့ ရှန်ဂရီလာ ဆွေးနွေမှု ညီလာခံ မှာ မစ္စတာ မက်တစ်စ်က အခုလို ပြောလိုက်တာပါ။

မစ္စတာ မက်တစ်စ်က အခုလို ပြောခဲ့ပေမယ့် အမေရိကန် သမ္မတ ထရမ့်ကတော့ မြောက်ကိုရီးယားအရေးမှာ တရုတ်ပိုပြီး ဖြေရှင်းစေချင်တဲ့အတွက် တောင်တရုတ်ပင်လယ်က ကိစ္စတွေကို လျော့ပေါ့ပေးနေတယ်လို့လည်း သုံးသပ်မှုတွေ ရှိနေပါတယ်။

ဒါပေမယ့် တရုတ် အစိုးရရဲ့ မြောက်ကိုရီးယားကို ထိန်းသိမ်းဖို့ ကြိုးပမ်းမှုတွေကိုတော့ မစ္စတာ မက်တစ်စ်က ချီးကျူးခဲ့ပါတယ်။

တရုတ်နဲ့ အမေရိကန်တို့ဟာ မြောက်ကိုရီးယားကို စီးပွားရေး ပိတ်ဆို့မှု လုပ်မယ့် ကိစ္စနဲ့ ပတ်သက်ပြီး ရက်သတ္တပတ် အတော်ကြာ ဆွေးနွေးအပြီးမှာ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှာ တင်ပြခဲ့ပြီး ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကမှ ကန့်ကွက်သူမရှိ အတည်ပြုလိုက်တာ ဖြစ်ပါတယ်။

အခုလို တရုတ်နဲ့ အမေရိကန် ဆက်ဆံရေးဟာ အပြိုင်အဆိုင် ဖြစ်နေပေမယ့် ပဋိပက္ခတွေက တားလို့မရတဲ့ အဆင့်အထိတော့ မရောက်သေးဘူးလို့ လည်း မစ္စတာ မက်တစ်စ် က မိန့်ခွန်းနောက်ပိုင်းမှာ လေသံပြန်လျှော့ခဲ့ပါတယ်။

အခုလို မစ္စတာ မက်တစ်စ်က ကိုးကားပြောဆိုနေတဲ့ နယ်နမိတ် အငြင်းပွားမှုတွေ ရှိနေတဲ့ တောင်တရုတ်ပင်လယ် ဒေသဟာ ကုန်စည် ပို့ဆောင်ရေးမှာ အဓိက ကျတဲ့ လမ်းကြောင်းတခုလည်း ဖြစ်ပြီး ဒီဒေသက ကျွန်းစုနဲ့ ရေပိုင်နက်တွေကို တရုတ်အပါအဝင် ထိုင်ဝမ်၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ မလေးရှားနဲ့ ဘရူနိုင်းတို့က တစိတ်တပိုင်းစီ ပိုင်ဆိုင်တယ်ဆိုပြီး အငြင်းအခုန်တွေ ရှိနေခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ