တိုက်ပွဲတွေကြား ကနေ ထွက်ပြေးဖို့ ကြိုးစားသူတွေ အသတ်ဖြတ်ခံရ

  • 3 ဇွန် 2017
Image caption မိုဆိုးလ် အနောက်ခြမ်းကနေ လူတွေထွက်ပြေးနေ

အီရတ်နိုင်ငံထဲ တိုက်ပွဲတွေ ရှိနေတဲ့ မိုဆိုးလ်မြို့မှာ အစ္စလာမ်မစ် နိုင်ငံ အဖွဲ့ IS တွေ ထိန်းချုပ် ထားရာ မြို့ အနောက်ပိုင်း ဇန်ဂျီလီ ဆိုတဲ့ အရပ်ကနေ ထွက်ပြေးကြတဲ့ အရပ်သား အများအပြား သတ်ဖြတ်ခံခဲ့ ကြရပါတယ်။

လမ်းမပေါ် လဲကျ သေဆုံးနေတဲ့ အလောင်းတွေကို ရိုက်တာ သတင်းဌာနရဲ့ ရုပ်သံ အဖွဲ့သားတွေ တွေ့ခဲ့ကြတာမှာ သေဆုံးသူတွေထဲ ကလေးငယ်တွေ အပါအဝင် ယောက်ျား၊ မိန်းမ အမျိုးစုံ ပါဝင် နေတယ်လို့ ဆိုပါတယ်။

အီရတ် အစိုးရတပ်နဲ့ IS တွေ တိုက်ပွဲ ဖြစ်နေတဲ့ နေရာနဲ့ မလှမ်းမကမ်းမှာ အလောင်းတွေကို တွေ့ခဲ့ရတာ ဖြစ်ပါတယ်။

IS တွေက သူတို့ ထိန်းချုပ်မြေထဲက ထွက်ပြေးဖို့ ကြိုးစားကြသူ တွေကို ပစ်ခတ် သတ်ဖြတ် ခဲ့တာ ဖြစ်တယ်လို့ မိုဆိုးလ်မှာ ထောက်ပံ့ ကယ်ဆယ်ရေးတွေ လုပ်ဆောင်နေတဲ့ ဒေ့ဗ်ယူးဘဲန့်ခ် ဆိုသူ အမေရိကန် နိုင်ငံသား တစ်ယောက်က ဆိုပါတယ်။

မစ္စတာ ယူးဘဲန့်ခ်က သူ့မျက်စိနဲ့ တွေ့ခဲ့ရတဲ့ အလောင်း ၅ဝ ဝန်းကျင် ရှိတယ်လို့ ပြောပြီး၊ အီရတ် အစိုးရ တပ်ဖွဲ့ဝင်တွေ အကူအညီတဲ့ လူ နှစ်ယောက်ကိုတော့ ကယ်ဆယ် နိုင်ခဲ့တယ်လို့ ပြောပါတယ်။