ကာဘူးလ်မှာ ၃ ရက်အတွင်း နောက်ထပ် ဗုံးခွဲတိုက်ခိုက်မှု ထပ်မံ ပေါ်ပေါက်

  • 3 ဇွန် 2017
Image caption အသုဘ အခမ်းအနား ကျင်းပစဉ် အသေခံ ဗုံးခွဲ တိုက်ခိုက်

အာဖဂန်နစ္စတန် နိုင်ငံ မြို့တော် ကာဘူးလ်မှာ အသုဘ အခမ်းအနား တစ်ခု ကျင်းပစဉ် အသေခံ ဗုံးခွဲ တိုက်ခိုက်တာ ခံလိုက်ရလို့ အနည်းဆုံး လူ ၇ ယောက် သေဆုံး သွားပြီး၊ လူတွေ ရာနဲ့ချီ ဒဏ်ရာ ရခဲ့ပါတယ်။

နာမည်ကြီး နိုင်ငံရေးသမား ဆီးနိတ် လွှတ်တော်အမတ် တစ်ယောက်ရဲ့ သားဖြစ်သူကို မြေမြှုပ် သင်္ဂြိုဟ်နေတဲ့ သင်္ချိုင်းမှာ ဗုံးတွေ ဆက်တိုက် ကွဲ ခဲ့တာ ဖြစ်ပြီး၊ အဲဒီမှာ ရှိနေတဲ့ အာဖဂန်နစ္စတန်ရဲ့ ထိပ်တန်း အကြီးအကဲ အဗ္ဗဒူလာ အဗ္ဗဒူလာတော့ အသက်မသေပဲ လွတ်မြောက်သွားပါတယ်။

မစ္စတာ အဗ္ဗဒူလာဟာ အာဖဂန်နစ္စတန် သွေးစည်းညီညွတ်ရေး အတွက် သမ္မတ ရာထူးနဲ့ အပြိုင် ဖန်တီး လာတဲ့ နိုင်ငံတော် အမှုဆောင် အရာရှိချုပ် ဆိုတဲ့ ရာထူး နေရာကို ရယူ ထားသူ ဖြစ်ပါတယ်။

ကာဘူးလ်မြို့တော်ရဲ့ သံတမန်ရပ်ကွက်ထဲ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က လူပေါင်း ၉ဝ ကျော် သေဆုံး ခဲ့ရတဲ့ အထိ ဆိုးဆိုးရွားရွား ဗုံးခွဲ တိုက်ခိုက် ခံခဲ့ရပြီး ၃ ရက် အတွင်း အခုလို အသေခံ ဗုံးခွဲမှု ထပ်မံ ဖြစ်ပေါ် လာတာပါ။

လွတ်မြောက်ခဲ့တဲ့ မစ္စတာ အဗ္ဗဒူလာဟာ ရုပ်မြင်သံကြား ကနေ စကား ပြောခဲ့တာမှာ အခင်းဖြစ်ရာ အသုဘ အခမ်းအနားမှာ အသေခံ ဗုံးသမား ၃ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီ အသုဘ အခမ်းအနားဟာ ကာဘူးလ်မြို့ အကြမ်းဖက် ခံနေရတဲ့ အပေါ် အစိုးရကို မကျေနပ်ကြလို့ အုံကြွ လာတဲ့ သောကြာနေ့ ဆန္ဒပြပွဲ အတွင်း ရဲရဲ့ ပစ်ခတ်မှုကြောင့် သေဆုံး ခဲ့ရသူကို မြေမြှုပ် သင်္ဂြိုဟ်ပွဲ ဖြစ်ပါတယ်။

ကာဘူးလ်မြို့တော်ဟာ အာဖဂန်နစ္စတန် နိုင်ငံထဲမှာ အလုံခြုံဆုံး အရပ်ဒေသ အဖြစ် အသတ်မှတ် ခံထားရကနေ အခုတော့ အန္တရာယ် အများဆုံး အရပ်အဖြစ် ပြောင်းလဲ သွားရတဲ့ အဖြစ် ဆိုက်နေပြီလို့ အဲဒီမှာ ရှိတဲ့ ဘီဘီစီ သတင်းထောက်က ဆိုပါတယ်။