ပြင်သစ် အိန္ဒိယ ခေါင်းဆောင် နှစ်ဦး ပဲရစ် သဘောတူမှုကို လိုက်နာဖို့ ကတိပြု

  • 3 ဇွန် 2017
Image caption မစ္စတာ မိုဒီ ပဲရစ် မြို့တော်မှာ ရောက်နေ

ကမ္ဘာ့ ရာသီဥတု ပြောင်းလဲ နေတဲ့ ပြဿနာကို ထိန်းချုပ် ကိုင်တွယ်ရေး ပဲရစ် သဘောတူညီမှုပါ အချက်အလက်တွေကို အိန္ဒိယ အနေနဲ့ အပြည့်အဝ လေးစား လိုက်နာမှာ ဖြစ်တယ်လို့ အိန္ဒိယ ဝန်ကြီးချုပ် နရိန္ဒြာမိုဒီက ထပ်လောင်း ကတိပြု ပြောကြား လိုက်ပါတယ်။

မစ္စတာ မိုဒီဟာ ပြင်သစ် နိုင်ငံ၊ ပဲရစ် မြို့တော်မှာ ရောက်နေပြီး ပြင်သစ် သမ္မတသစ် အေမဲန်ဝဲလ် မက်ခရွန်းနဲ့ တွေ့ဆုံ ခဲ့ပါတယ်။

ကမ္ဘာကြီး ပူနွေးလာမှုကို ထိန်းချုပ် ကိုင်တွယ်ရေးကို အစွမ်းကုန် ဆက်လက် ကြိုးစား သွားမယ်လို့ နှစ်နိုင်ငံ ခေါင်းဆောင်တွေ အသီးသီး အခိုင်အမာ ပြောဆို ခဲ့ကြပါတယ်။

ပဲရစ် သဘောတူမှုကနေ လတ်တလောကမှ နှုတ်ထွက်သွားတဲ့ အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့် အကြောင်းကိုတော့ ခေါင်းဆောင် နှစ်ယောက်လုံးက နာမည်တပ် ဝေဖန် ပြောဆိုတာမျိုး မလုပ်ပဲ ရှောင်ကြဉ်ခဲ့ပါတယ်။

နေရောင်ခြည် ကနေ စွမ်းအင် ပိုမိုထုတ်လုပ်မယ် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဖွဲ့ထားတဲ့ ဆိုလာ မိတ်ဖက်နိုင်ငံများ ISA အဖွဲ့ရဲ့ ထိပ်သီး အစည်းအဝေး လာမယ့် ဒီဇင်ဘာကျရင် အိန္ဒိယမှာ ကျင်းပဖို့ ရှိနေပါတယ်။

ပြင်သစ် သမ္မတ မက်ခရွန်းက သူ အဲဒီ ညီလာခံကို သွားတက်မယ် ဆိုပြီး အတည်ပြု ပါတယ်။

ကမ္ဘာ့ရာသီ ဥတု ထိခိုက် စေတဲ့ အဓိက အချက်တစ်ခု အဖြစ် သတ်မှတ်ထားတဲ့ ဓာတ်ငွေ့ထုတ်လွှတ်မှုကို အိန္ဒိယ နိုင်ငံဟာ ကမ္ဘာပေါ်မှာ တတိယမြောက် အကြီးအကျယ်ဆုံး ပြုလုပ် နေတဲ့ နိုင်ငံ ဖြစ်ပါတယ်။

အိန္ဒိယ ဝန်ကြီးချုပ် မိုဒီကတော့ ဓာတ်ငွေ့ ထုတ်လွှတ်မှု လျှော့ချဖို့ အချက် အပါအဝင် ပဲရစ် သဘောတူမှုကို ကမ္ဘာကြီး တစ်ခုလုံး ဘုံပိုင်ဆိုင်တဲ့ လေးစားစရာ အမွေအနှစ်သဖွယ် ပြောဆို ခဲ့ပါတယ်။