လန်ဒန်တံတားပေါ် တိုက်ခိုက်မှုကြောင့် တံတားပိတ်ထားရ

  • 3 ဇွန် 2017
Image caption အဖြူရောင် ဗင်ကားတစ်စင်းက လူတွေကို ဝင်တိုက်

လန်ဒန်မြို့လယ်က အထင်ကရ၊ လန်ဒန် တံတားပေါ်မှာ ကားတစ်စင်း ရုတ်တရက် ဆိုသလို လမ်းနံဘေးက လမ်းသွားလမ်းလာတွေကို ဝင်တိုက်ခဲ့တဲ့နောက်၊ အခုဆိုရင် လက်နက်ကိုင် ရဲတွေဟာ တံတားကို ပိတ်ထားလိုက်ပါတယ်။

အဖြူရောင် ဗင်ကားတစ်စင်းက လူ ၄-၅-၆ ယောက်ကို ဝင်တိုက်ခဲ့တာ ဖြစ်တယ်လို့ အဲဒီမှာ ရောက်နေတဲ့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ဒီဖြစ်ရပ်မှာ အနည်းဆုံး လူ ၁ ဦး သေဆုံးကြောင်း ရဲက အတည်ပြု ထားပါတယ်။

လန်ဒန်တံတား အနီးက ဘာရာ မာ့ကက်လို့ခေါ်တဲ့ စျေး ဝန်းကျင်မှာလည်း ဓားနဲ့ တိုက်ခိုက်မှုတွေ ဖြစ်ခဲ့တယ်ဆိုတဲ့ သတင်းတွေ အရ အဲဒီ နေရာကို ရဲတွေ ရောက်နေပါတယ်။

သေနတ်သံ တချို့ ထွက်ပေါ် လာခဲ့တယ်လို့ ပတ်ဝန်းကျင်က သူတွေက ပြောပါတယ်။

အတိတကျ မသိရ သေးတဲ့ ဖြစ်ရပ် တစ်ခုလည်း လန်ဒန် ဗောက်ဆော အရပ်မှာ ဖြစ်ခဲ့တယ် လို့ သတင်းတွေ ရရှိ ထားပါတယ်။

ပြီးခဲ့တဲ့ မတ်လ တုန်းက လည်း ၊ ပါလီမန် အဆောက်အဦနဲ့ ကပ်လျက် ဝက်စ်မင်စတာ တံတားပေါ်မှာ ကားနဲ့ ဝင်တိုက်ခဲ့လို့ လူ ၄ ယောက် သေဆုံး ခဲ့ရပါတယ်။