အကြမ်းဖက်ဝါဒ အခြေခံ တိုက်ခိုက်မှု အဖြစ် သဘောထား ကိုင်တွယ်နေ

  • 4 ဇွန် 2017
Image caption ဘာရာမာ့ကက် ဆိုတဲ့ စျေး ဝန်းကျင်မှာလည်း ဓါးနဲ့ တိုက်ခိုက်မှု တွေ ပေါ်ပေါက်

လန်ဒန်မြို့တော်မှာ ပေါ်ပေါက်ခဲ့တဲ့ တိုက်ခိုက်မှု နှစ်ခုကြောင့် အနည်းဆုံး လူ တစ်ယောက် သေဆုံးခဲ့ရတဲ့ ဖြစ်ရပ်ကို အကြမ်းဖက်ဝါဒ အခြေခံ ကျူးလွန်တဲ့ လုပ်ရပ်အဖြစ် လန်ဒန်ရဲတွေ သဘောထား ကိုင်တွယ် နေပါတယ်။

မြို့လယ် အထင်ကရ လန်ဒန်တံတားပေါ်မှာ လမ်းသွားလမ်းလာတွေထဲ ကားတစ်စင်း ဝင်တိုက်တာ ကနေ တနင်္ဂနွေ ညပိုင်း တိုက်ခိုက်မှုတွေ စတင် ဖြစ်ခဲ့တာပါ။

အဖြူရောင် ဗင်ကား တစ်စင်း လူ ၅ ယောက်၊ ၆ ယောက်လောက်ကို ဝင်တိုက် ခဲ့တယ်လို့ အခင်း ဖြစ်ရာမှာ ရှိနေခဲ့တဲ့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

လန်ဒန် တံတား အနီးက ဘာရာမာ့ကက် ဆိုတဲ့ စျေး ဝန်းကျင်မှာလည်း ဓါးနဲ့ တိုက်ခိုက်မှု တွေ ပေါ်ပေါက် လာခဲ့ပြီး ရဲတွေ သွားရောက် ခဲ့ကြပါတယ်။

အဲဒီမှာ သေနတ်သံ တချို့ ထွက်လာခဲ့ ပါတယ်။

ဘာရာစျေးမှာ ရှိနေတဲ့ လုံခြုံရေး ဝန်ထမ်း တစ်ယောက်ရဲ့ အဆိုအရ လူ ၃ ယောက်ရဲ့ တိုက်ခိုက်မှုကြောင့် ၄ ဦး ဓား ထိ သွားတယ်လို့ ဆိုပါတယ်။

ဗြိတိသျှ ဝန်ကြီးချုပ် ထရီဆာမေ ဦးဆောင်ပြီး အစိုးရ လုံခြုံရေး ကော်မတီ အစည်းအဝေး ကျင်းပလာဖို့ ရှိပါတယ်။

အတိုက်အခံ လေဘာခေါင်းဆောင် ဂျရမီ ကိုဘင်က အခု ဖြစ်ရပ်တွေဟာ ရက်စက်ပြီး တုန်လှုပ်စဖွယ် ဖြစ်တယ်လို့ ပြောပါတယ်။

မန်ချက်စတာမြို့ ဂီတ ဖျော်ဖြေပွဲမှာ အသေခံ ဗုံးခွဲ တိုက်ခိုက် ခံရလို့ လူ ၂၂ ယောက် သေဆုံး ခဲ့ရပြီး သီတင်းနှစ်ပတ် မပြည့်သေးခင် အခုလို လန်ဒန် တိုက်ခိုက်မှုတွေ ပေါ်ပေါက် လာတာပါ။

ပြီးခဲ့တဲ့ မတ်လ တုန်းက လည်း ၊ ပါလီမန် အဆောက်အဦနဲ့ ကပ်လျက် ဝက်စ်မင်စတာ တံတားပေါ်မှာ ကားနဲ့ ဝင်တိုက်ခဲ့လို့ လူ ၄ ယောက် သေဆုံး ခဲ့ရပါတယ်။