လန်ဒန်တိုက်ခိုက်မှု တစ်ဦးထက်မက သေဆုံးကြောင်း ရဲ အတည်ပြု

  • 4 ဇွန် 2017
Image caption အကြမ်းဖက် ဝါဒ အခြေခံ ကျူးလွန်တဲ့ လုပ်ရပ် တွေ အဖြစ် သဘောထား ကိုင်တွယ် နေ

တနင်္ဂနွေည လန်ဒန်မြို့ တိုက်ခိုက် ခံရမှုတွေ အတွင်း လူ တစ်ဦးထက်မက သေဆုံး ခဲ့ရတယ်လို့ ရဲ က အတည်ပြု ပါတယ်။

လန်ဒန် တံတား ပေါ်မှာ လူအုပ်ထဲ ဗင်ကား အဖြု ဝင်တိုက်ခဲ့တယ် ဆိုတဲ့ သတင်းကို ရဲတွေနဲ့ အရေးပေါ် လူနာတင်ယာဉ် ဌာနဆီကို ဒေသစံတော်ချိန် ည ၁ဝ နာရီမှာ သတင်းတွေ ဝင်လာပါတယ်။

အဲဒီနောက် လန်ဒန် တံတား အနီး စားသောက်ဆိုင်တွေ၊ အရက်ဘားတွေနဲ့ လူစည်ကားရာ ဘာရာစျေး ဝန်းကျင်မှာလည်း ဓားနဲ့ တိုက်ခိုက်မှုတွေ ဖြစ်နေတယ် ဆိုတဲ့ တိုင်ချက်တွေ အရ ရဲအဖွဲ့ သွားရောက် ခဲ့ရပါတယ်။

အင်မတန် ဆိုးရွားတဲ့ လုပ်ရပ်တွေ အဖြစ် ဗြိတိန် ဝန်ကြီးချုပ် ထရီဆာမေက ပြောပါတယ်။

လန်ဒန်မြို့တော် ရဲတပ်ဖွဲ့က အဲဒီ ဖြစ်ရပ်တွေ အပေါ် အကြမ်းဖက် ဝါဒ အခြေခံ ကျူးလွန်တဲ့ လုပ်ရပ် တွေ အဖြစ် သဘောထား ကိုင်တွယ် နေပါတယ်။

လန်ဒန်မြို့တော်ဝန် ဆာဒစ်ခန်းကလည်း ဆိုးရွားတဲ့ အကြမ်းဖက် တိုက်ခိုက်မှုပဲလို့ ဆိုပါတယ်။

ဘာတွေ ဖြစ်ပျက် ခဲ့တာလဲ ဆိုတဲ့ အသေးစိတ် အချက်အလက်တွေ ဆက်လက် ပေါ်ထွက် လာနေဆဲ ဖြစ်တယ်လို့လည်း မြို့တော်ဝန်က ပြောပါတယ်။

လန်ဒန်မြို့တော်သူ မြို့တော်သားတွေရော မြို့တော်ကို ခေတ္တအလည်အပတ် ရောက်နေကြသူတွေပါ စိတ်ကို အေးအေးထား သတိနဲ့ နေကြဖို့ မစ္စတာခန်းက တိုက်တွန်းပါတယ်။

ဘာရာစျေး ဝန်းကျင်မှာ သေနတ်သံတွေ ထွက်ပေါ် ခဲ့ပြီး လူမှုကွန်ရက်ပေါ် ရောက်လာတဲ့ ဓာတ်ပုံ တစ်ခုထဲမှာ သတ္တုလုံးတွေလို အရာမျိုးတွေ ကိုယ်ပေါ် ချိတ်ဆွဲထားသူ တစ်ဦး မြေကြီးပေါ် လဲကျ နေတာ တွေ့ရပြီး အဲဒီသူဟာ အကြမ်းဖက် တိုက်ခိုက်သူတွေထဲက တစ်ယောက်လို့ ယူဆရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ