လန်ဒန်တိုက်ခိုက်မှု တရားခံဘယ်သူလဲသိပြီလို့ရဲကပြော

  • 4 ဇွန် 2017
Image caption လန်ဒန်မြို့ရဲ့ အရှေ့ပိုင်း ဘားကင်းမြို့နယ်က လူ ၁၂ ယောက်ကို ဖမ်းဆီး

ဇွန်လ ၃ ရက်နေ့ညက ဖြစ်ခဲ့တဲ့ လန်ဒန် အကြမ်းဖက်မှုရဲ့ တရားခံ သုံးယောက် ဘယ်သူလဲဆိုတာကို ရဲတွေက သိရပြီဖြစ်ပြီး တရားဝင်တော့ မထုတ်ပြန်သေးဘူးလို့ ဘီဘီစီ ပြည်ထဲရေး သတင်းထောက် ဒန်နီရှောက ပြောပါတယ်။

ဒီဖြစ်စဉ်တခုလုံးမှာ သေဆုံးသူ ၇ ယောက်ရှိသွားပြီ ဖြစ်ပြီး ရဲအရာရှိ လေးယောက် အပါအဝင် နောက်ထပ် လူ ၄၈ ယောက် ဒဏ်ရာရခဲ့ပါတယ်။

အဲဒီ ဒဏ်ရာရသူတွေထဲမှာ ၆ ယောက်က ဆေးရုံက ဆင်းသွားရပြီလို့ ပြောပေမယ့် ၂၁ ဦးရဲ့ အခြေအနေကတော့ စိုးရိမ်ရတယ်လို့ အင်္ဂလန် အမျိုးသားကျန်းမာရေး ဋ္ဌာနက ပြောပါတယ်။

အခုလို ဒဏ်ရာရသူတွေထဲမှာ ယူကေနိုင်ငံသားတွေ အပါအဝင် ကနေဒါ၊ ပြင်သစ်၊ စပိန်၊ သြစတြေးလျားနဲ့ နယူးဇီလန်နိုင်ငံသားတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။

Image caption ဝင်ရောက် စီးနင်းခဲ့တဲ့ အိမ်တွေထဲမှာ ဒီအကြမ်းဖက်မှုအတွင်း ကားနဲ့လိုက်တိုက်ပြီး ဓါးနဲ့ ထိုးသူ သုံးယောက်ထဲက တယောက်ရဲ့ နေအိမ်လည်း ပါ၀င်

နောက်ဆုံးသိရတဲ့ အခြေအနေအရ ဒီအကြမ်းဖက်မှုနဲ့ ဆက်စပ်ပြီး လန်ဒန်မြို့ရဲ့ အရှေ့ပိုင်းက ဘားကင်းမြို့နယ်နဲ့ အိစ်ဟမ်းမြို့နယ်တို့က နေအိမ်အချို့ကို ရဲတွေက ဝင်ရောက်စီးနင်းခဲ့ပြီး လူ ၁၂ ယောက်ကို ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။

အခုလို ဝင်ရောက် စီးနင်းခဲ့တဲ့ အိမ်တွေထဲမှာ ဒီအကြမ်းဖက်မှုအတွင်း ကားနဲ့လိုက်တိုက်ပြီး ဓါးနဲ့ ထိုးသူ သုံးယောက်ထဲက တယောက်ရဲ့ နေအိမ်လည်း ပါ၀င်တယ်လို့ သိရပါတယ်။

မျက်မြင်သက်သေတွေရဲ့ ပြောပြချက်အရ လန်ဒန် အကြမ်းဖက် တိုက်ခိုက်ခံရမှု ဖြစ်စဉ် အကျဉ်းချုပ်ကတော့ ဇွန်လ ၃ ရက်နေ့ ည ဆယ်နာရီလောက်မှာ ဗန်ကားတစီးက လန်ဒန်တံတားပေါ်မှာ လူတွေကို လိုက်တိုက်ခဲ့ပြီး နောက်ပိုင်းမှာ အဲဒီကားထဲက လူသုံးယောက် ထွက်လာပြီး တံတားအဆုံးမှာရှိတဲ့ လန်ဒန်ဘာရာဈေးနားက လူတွေကို ဓါးနဲ့ လိုက်ထိုးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

အခုလို ဖြစ်ပျက်အပြီး မိနစ်ပိုင်း အတွင်းမှာပဲ ရဲတွေရောက်လာပြီး ဒီသုံးယောက်လုံးကို ပစ်သတ်ခဲ့တာ ဖြစ်ပါတယ်။

ဒီပစ်ခတ်မှုမှာ တခြားအရပ်သား တယောက်လည်း မတော်တဆ သေနတ်မှန်ခဲ့တယ်လို့ သိရပါတယ်။

ဓာတ်ပုံ မူပိုင် MOD
Image caption ဖြစ်စဉ်ပြ မြေပုံ

အခုလို ကျူးလွန်ခဲ့သူ သုံးဦးရဲ့ ရင်ဘတ်မှာလည်း ဖောက်ခွဲရေး ပစ္စည်းလို့ ထင်ရအောင် လုပ်ထားတဲ့ သတ္ထုချောင်းတွေ တွေ့ရပေမယ့် အစစ်မဟုတ်ဘူးလို့ ရဲတွေက ပြောပါတယ်။

Image caption အခုလို ကျူးလွန်ခဲ့သူ သုံးဦးရဲ့ ရင်ဘတ်မှာလည်း ဖောက်ခွဲရေး ပစ္စည်းလို့ ထင်ရအောင် လုပ်ထားတဲ့ သတ္ထုချောင်းတွေ တွေ့ရပေမယ့် အစစ်မဟုတ်ဘူးလို့ ရဲတွေက ပြော
ဓာတ်ပုံ မူပိုင် Getty Images
Image caption ဒဏ်ရာရသူထဲမှာ ရဲအရာရှိလေးယောက်ပါ
Image caption လောလောဆယ်မှာတော့ လန်ဒန်တံတားဘူတာကိုပိတ်ထားတဲ့အပြင် ဒီနေရာတဝိုက်ကိုလည်း လုံခြုံရေး ပတ်လည်ချထားပြီး စစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်

လောလောဆယ်မှာတော့ လန်ဒန်တံတားဘူတာကိုပိတ်ထားတဲ့အပြင် ဒီနေရာတဝိုက်ကိုလည်း လုံခြုံရေး ပတ်လည်ချထားပြီး စစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption လောလောဆယ်မှာတော့ လန်ဒန်တံတားဘူတာကိုပိတ်ထားတဲ့အပြင် ဒီနေရာတဝိုက်ကိုလည်း လုံခြုံရေး ပတ်လည်ချထားပြီး စစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်

အခုလို အကြမ်းဖက်တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး အမေရိကန်သမ္မတ ထရမ့်က တတ်စွမ်းသမျှ ကူညီသွားမယ်လို့ ပြောကြားခဲ့သလို ပြင်သစ် သမ္မတ မာခွန်းကလည်း ဒီဖြစ်ရပ်မှာ ယူကေနဲ့အတူ ရပ်တည်သွားမယ်လို့ ပြောဆိုလိုက်ပါတယ်။

ဂျာမန် ဝန်ကြီးချုပ် အင်ဂလာ မာကယ်ကလည်း ဥရောပတတိုက်လုံးဟာ ဒီဖြစ်ရပ်ကြောင့် ဝမ်းနည်းကြေကွဲရမှုမှာ ယူကေနဲ့ တသားတည်း ရှိမှာ ဖြစ်သလို အကြမ်းဖက်တိုက်ဖျက်ရေးလည်း တသားတည်း ပူးပေါင်း လုပ်ဆောင်သွားမယ်လို့ ပြောဆိုလိုက်ပါတယ်။

ရုရှားသမ္မတ ပူတင်ကလည်း အကြမ်းဖက်မှုတွေကို ပူးပေါင်းတိုက်ဖျက်ကြဖို့ ထပ်မံ ဆော်သြလိုက်သလို ကနေဒါ၊ သြစတြေးလျနဲ့ နယူးဇီလန်တို့ကလည်း ယူကေနဲ့ တသားတည်း ရှိနေကြောင်း ကြေညာချက်တွေ ထုတ်ပြန်လိုက်ပါတယ်။

လန်ဒန် အကြမ်းဖက် တိုက်ခိုက်ခံရမှု ဖြစ်ခဲ့ပေမယ့် ဒါဟာ ဒီမိုကရေစီလုပ်ငန်းစဉ်ကို အနှောက်အယှက် မဖြစ်သင့်ပဲ လာမယ့် ဇွန်လ ၈ ရက်နေ့ အထွေထွေ ရွေးကောက်ပွဲကို စီစဉ်ထားတဲ့အတိုင်း ဆက်လုပ်ဖြစ်မယ်လို့ ယူကေဝန်ကြီးချုပ် ထရီစာမေက ပြောပါတယ်။

ယူကေတနိုင်ငံလုံးအနေနဲ့လည်း ဒီလို အကြမ်းဖက်မှုတွေကို တိုက်ဖျက်ရေးမှာ ညီညွတ်ကြဖို့လိုပြီး လတ်တလော ပြည်တွင်း အကြမ်းဖက်ခံရမှု သုံးခုစလုံးဟာ အစ္စလာမ်ဘာသာကို သဘောပေါက်မှုလွဲတဲ့ အစွန်းရောက် ဝါဒနဲ့ ဆက်စပ်နေတယ်လို့ လည်း မစ္စစ် ထရီစာမေက ပြောပါတယ်။

ယူကေ ပါလီမန် ရွေးကောက်ပွဲတွေကို လာမယ့် ရက်ပိုင်းအတွင်း ဆက်လုပ်မှာ ဖြစ်ပေမယ့် တနိုင်ငံလုံးအဆင့် မဲဆွယ်မှုတွေကိုတော့ လောလောဆယ် ရပ်ဆိုင်းထားပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ မန်ချက်စတာမှာ အကြမ်းဖက် အသေခံ ဗုံးခွဲမှုကြောင့် လူ ၂၂ ယောက် သေဆုံးခဲ့ရသလို ဒီနှစ် မတ်လတုန်းက ဝက်စ်မင်စတာ တံတားပေါ်မှာ အကြမ်းဖက်သမားတဦးက လူတွေကို လိုက်တိုက်တဲ့ ဖြစ်စဉ်မှာလည်း ၆ ဦး သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။