အီတလီမှာ ဘောလုံးပရိသတ်တွေ ဗုံးလန့်လို့ အချင်းချင်း တိုးမိပြီး ဒဏ်ရာရ

  • 4 ဇွန် 2017
ဓာတ်ပုံ မူပိုင် AFP
Image caption ပရိသတ်တွေကြားထဲမှာ မီးရူးမီးပန်းတခု ပေါက်ခဲ့ပြီး ဗုံးလန့်ခဲ့လို့ အော်ဟစ် ပြေးလွှားကြရာကနေ အချင်းချင်း နင်းမိပြီး ဒဏ်ရာ ရကြတာဖြစ်

ဇွန်လ ၃ ရက်နေ့က ကျင်းပခဲ့တဲ့ ယူဗန်းတပ်စ်နဲ့ ရီးရဲမက်ဒရစ်တို့ရဲ့ ဥရောပ ချန်ပီယံလိဂ် ဖလား ဗိုလ်လုပွဲကို ပိတ်ကားကြီးတခုက တဆင့် ကြည့်ရှုနေတဲ့ အီတလီနိုင်ငံ တူရင်မြို့က ပရိသတ်တွေအကြားမှာ ဗုံးလန့်မှု တခု ဖြစ်ခဲ့တဲ့အတွက် လူ ၁၅၀ဝ လောက် ဒဏ်ရာရခဲ့တယ်လို့ အီတလီရဲတွေက ပြောပါတယ်။

ပွဲပြီးဖို့ ၁၀ မိနစ်လောက် အလိုမှာ ပရိသတ်တွေကြားထဲမှာ မီးရူးမီးပန်းတခု ပေါက်ခဲ့ပြီး ဗုံးလန့်ခဲ့လို့ အော်ဟစ် ပြေးလွှားကြရာကနေ အချင်းချင်း နင်းမိပြီး ဒဏ်ရာ ရကြတာ ဖြစ်ပြီး အဲဒီအထဲက ကလေးငယ်တဦးအပါအဝင် အနည်းဆုံး ၇ ဦးရဲ့ အခြေအနေကတော့ စိုးရိမ်ရပေမယ့် ကျန်တဲ့ ဒဏ်ရာရသူတွေကတော့ ဆေးရုံတက်စရာ မလိုခဲ့ဘူးလို့ သိရပါတယ်။

တူရင်မြို့ခံ ယူဗန်းတပ်စ်အသင်းကို အားပေးကြတဲ့ ပရိသတ်တွေဟာ ပီယာဇာ ဆန်ကာလို ရင်ပြင်မှာ ဘောလုံးပွဲကြည့်နေကြတာ ဖြစ်ပြီး ဗုံးလန့်တဲ့အချိန်မှာ မြေအောက်ကားရပ်နားခန်းကို ကာထားတဲ့ အရံအတားတွေ ပွင့်သွားရာကနေ တိုးတိုက် နင်းမိပြီး လူတွေ ဒဏ်ရာ ရကြတာ ဖြစ်ပါတယ်။

ဒီအဖြစ်အပျက်မှာ အာဏာပိုင်တွေက လူစုလူဝေးကြီးကို စနစ်ကျတဲ့ ထိန်းသိမ်းမှု မလုပ်ခဲ့ဘူးလို့ ဝေဖန်မှုတွေ ရှိနေသလို တချို့ ယူဗေ ပရိသတ်တွေအတွက်လည်း ၁၉၈၅ ခုနှစ် ဟေဆယ်ကွင်း ပြိုကျမှုမှာ ယူဗန်းတပ်စ် ပရိသတ်တွေ သေဆုံးခဲ့ရတဲ့ အတိတ်ဆိုးကိုလည်း ပြန်လည် အမှတ်ရစေခဲ့တယ်လို့ ဝေဖန်နေကြပါတယ်။

၁၉၈၅ ခုနှစ်မှာ လစ်ဗားပူးနဲ့ ယူဗန်းတပ်စ်တို့ ဘယ်လဂျီယန်နိုင်ငံက ဟေဆယ်ကွင်းမှာ ဥရောပဖလားဗိုလ်လုပွဲ ကစားခဲ့ရာမှာ ပရိသတ်တွေ အချင်ချင်း ရန်ဖြစ်ခဲ့ပြီး ကွင်းပြိုကျမှုမှာ ပရိသတ် ၃၉ ယောက် သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။