လန်ဒန် အကြမ်းဖက် သူက အစွန်းရောက်တာ ၂ နှစ်ခန့် ရှိပြီ

  • 4 ဇွန် 2017
ဓာတ်ပုံ မူပိုင် AFP
Image caption အကြမ်းဖက်သမားဟာ ကလေး နှစ်ယောက် ဖခင် ဖြစ်ပြီး ဒီ ရပ်ကွက်မှာ နေတာ သုံးနှစ် ရှိနေကြပြီ လို့ အိမ်နီးချင်း တွေ က ပြော

ဇွန်လ ၃ ရက် စနေ နေ့ည က လန်ဒန်မြို့ရဲ့ အထင်ကရ တခု ဖြစ်တဲ့ လူစည်ကားရာ လန်ဒန် တံတားပေါ်မှာ အကြမ်းဖက်မှု ကျူးလွန် သတ်ဖြတ်သူ သုံးဦး ဟာ ဘယ်သူတွေ ဖြစ်တယ် ဆိုတာ ကို ရဲ ကဖေါ်ထုတ် နိုင်ပြီ ဖြစ်ပေမဲ့ နာမည်တွေ မပြောသေးပါဘူး။

တနင်္ဂနွေ နေ့မှာ လန်ဒန် အရှေ့ဘက်ခြမ်းရှိ ဘာကင် ရပ်ကွက် ရဲ့ တိုက်ခန်း ကို စီးနင်း ရှာဖွေ ကြပါတယ်။ အကြမ်းဖက် ကျူးလွန်သူ သုံးဦး အနက် တဦး ဟာ သူ့မိသားစု နဲ့ အဆိုပါ တိုက်ခန်း မှာ နေထိုင်သူပါ။ ရဲ တွေ ရဲ့ တုံ့ပြန်ပစ်ခတ်မှု နဲ့ သေသွားတဲ့ အကြမ်းဖက်သမားဟာ ကလေး နှစ်ယောက် ဖခင် ဖြစ်ပြီး ဒီ ရပ်ကွက်မှာ နေတာ သုံးနှစ် ရှိနေကြပြီ လို့ အိမ်နီးချင်း တွေ က ပြောပါတယ်။

နောက် သေဆုံးသူ အကြမ်းဖက် သမား ကဆိုရင် အစွန်းရောက် အမုန်းစကား တွေ ပြောလေ့ရှိနေတာ နှစ်နှစ် ခန့် ရှိနေပြီး ပြီးခဲ့တဲ့ ဗြိတိန် နိုင်ငံ တွင်း က အကြမ်းဖက်မှု တွေဟာ လည်း တရားသဖြင့် လုပ်ဆောင်ချက် လို့ ဆိုတဲ့ အတွက် အိမ်နီးချင်း တဦး က အုပ်ချုပ်ရေး ပိုင်း ကို စိုးရိမ်စိတ် ဝင်ရာ က အသိပေး အကြောင်းကြား ပေမဲ့ တဖက် က အရေးယူ ဆောင်ရွက်မှု မရှိဘူး လို့ ဘီဘီစီ ကို ပြောပါတယ်။

အခုတော့ ဒီလူတွေ နဲ့ ဆက်စပ်မှု ရှိသူတွေ ကို ရှာဖွေ ဖမ်းဆီးနေရာမှာ အမျိုးသမီး တွေ ပင် ပါဝင်ပါတယ်။ မသင်္ကာဖွယ် လူ၁၂ ဦး ကို ဖမ်းဆီး စစ်ဆေးနေပါပြီ။ သူတို့နေအိမ်တွေ ကို လည်း ရှာဖွေ နေပါတယ်။

ဒီ လူစု ဟာ ဝက်မင်စတာ တံတား ပေါ်မှာ ကားဖြတ်မောင်းပြီး လူတွေ ကို ဝင်တိုက်၊ ဒါးနဲ့ ထိုး စတဲ့ စရိတ်ကျဉ်း သလို၊ လူတွေ ကို တုန်လှုပ် ချောက်ခြား စေတဲ့ လူသတ်မှု မျိုး ကို အတုခိုး တဲ့ ပုံစံ ဖြစ်သလို အိုင်အက်စ် အသေခံ အကြမ်းဖက် သမားတွေ လှုံ့ဆော်တဲ့ နည်းဖြစ်တဲ့ အကြောင်း ဘီဘီစီ သတင်းထောက် ဒေါမနစ် ကက်ရှီယာနီ က သုံးသပ်ပါတယ်။

သူတို့ အသုံးပြုတဲ့ ကားတွေ ဟာလည်း အငှားယာဉ်တွေ ဖြစ်သလို အသေခံ တိုက်ခိုက်နည်း လည်း တူနေတယ် လို့ ဆိုပါတယ်။

အိုင်အက်စ် တွေ က အခုလို အစ္စလာမ် ဘာသာဝင်တွေ ရဲ့ ဥပုဒ် လ အတွင်းမှာ အကြမ်းဖက်မှု တွေ သူတို့ကိုယ်တိုင် ကျူးလွန်သလို လှုံဆော် အားပေးမှု တွေ လည်း ပြုနေတာပါ။

ဒါပေမဲ့ ဝန်ကြီးချုပ်ထရီဆာမေ ကလည်း ဇွန်လ ၈ ရက် ရွေးကောက်ပွဲ ကို ကျင်းပမှာ ဖြစ်သလို လန်ဒန် မြို့တော်ဝန် ဆာဒစ်ခန် ကလည်း မြို့ခံ တွေ ကို အကြမ်းဖက်သမားတွေ ဖြစ်စေချင်တဲ့ ထိတ်လန့် တုံလှုပ်မှု မဖြစ်ကြဖို့၊ တဖက်မှာလည်း သတိ ရှိကြဖို့ ပန်ကြားထားပါတယ်။

တခါ မန်ချက်စတာ အကြမ်းဖက်မှုကြောင့် သေဆုံး သူတွေ ရဲ့ မိသားစု၊ ဒဏ်ရာရသူတွေ အတွက် ရံပုံငွေ ဂီတ ပွဲ ကို တနင်္ဂနွေ ညက မန်ချက်စတာ မြို့ မှာ ပြန်လည် ဖျော်ဖြေ ပေးတဲ့ အေရီယာနား ဂရန်ဒေး ကလည်း မန်ချက်စတာ မြို့ခံတွေ ကို ကျေးဇူးဆပ်ခွင့်ရတဲ့ အတွက် ကျေးဇူးတင်ကြောင်း ပြောသွားပါတယ်။