လူ့အခွင့်အရေးဥပဒေတွေ ဗြိတိန်ဝန်ကြီးချုပ် ပြင်မယ်

  • 7 ဇွန် 2017
ဓာတ်ပုံ မူပိုင် EPA
Image caption လူ့အခွင့်အရေး ဥပဒေတွေကြောင့် အကြမ်းဖက်မှု အန္တရာယ် တားဆီးရေးကို မထိခိုက်စေရဘူးလို့ ဗြိတိန် ဝန်ကြီးချုပ် ထရီစာမေ ပြော

ဗြိတိသျှ ဝန်ကြီးချုပ် ထရီစာမေက အကြမ်းဖက်မှု အန္တရာယ်တွေကို ရဲတွေနဲ့ လုံခြုံရေးအဖွဲ့တွေ ထိထိရောက်ရောက် နှိမ်နင်း ဆောင်ရွက်နိုင်ခွင့် မရှိအောင် တားဆီးထားတဲ့ ဘယ်လို လူ့အခွင့်အရေး ဥပဒေမျိုးကိုမဆို ပြင်ဆင်ရေးဆွဲဖို့ သူ့အနေနဲ့ အဆင်သင့် ရှိတယ်လို့ ထုတ်ဖော် ပြောကြားလိုက်ပါတယ်။

ကြာသပတေးနေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ မစ္စစ်မေ ပြန်အရွေးခံရရင် ဥရောပ လူ့အခွင့်အရေး ဥပဒေပါ သက်ဆိုင်ရာ စည်းမျဉ်းကန့်သတ်ချက်တွေကို ဖြုတ်ပစ်ဖို့ သူ့အစိုးရအနေနဲ့ အသင့်ပဲလို့ သူ့ ကွန်ဆာဗေးတစ်ပါတီက တာဝန်ရှိပုဂ္ဂိုလ်တွေက ပြောပါတယ်။

သူ့ရဲ့ နောက်ဆုံး မဲဆွယ်မိန့်ခွန်းထဲမှာ မစ္စစ်မေက အကြမ်းဖက်သူတွေလို့ မသင်္ကာဖွယ်သူတွေရဲ့ လွတ်လပ်ခွင့်ကို တင်းကြပ် ကန့်သတ်မှုတွေ၊ အဲဒီလူတွေကို သူတို့နေရပ်နိုင်ငံတွေဆီ ပြန်ပို့ရေးတွေကို လွယ်လွယ်ကူကူ ဆောင်ရွက်နိုင်ဖို့ သူလိုလားတယ်လို့ ပြောပါတယ်။

စနေနေ့တုန်းက လန်ဒန်မြို့မှာ လူ၇ဦး သေဆုံးခဲ့ရတဲ့ အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်ပွားခဲ့အပြီးမှာ မစ္စစ်မေက အခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။