မန်ချက်စတာ ဗုံးခွဲမှုမှာ ဆက်နွယ်နေမှုနဲ့ လူတဦးကို ဖမ်းဆီးလိုက်

  • 7 ဇွန် 2017
ဓာတ်ပုံ မူပိုင် GMP
Image caption အသေခံ ဗုံးခွဲခဲ့သူ Salman Abediရဲ့ ကား ပုံကို မက်ထရိုပိုလီတန် ရဲတပ်ဖွဲ့က ထုတ်ပြန်လိုက်

ပြီးခဲ့တဲ့လက ဗြိတိန်နိုင်ငံ မန်ချက်စတာမြို့ ဂီတပွဲ အသေခံ ဗုံးခွဲ တိုက်ခိုက်ခဲ့မှုမှာ ဆက်နွယ် ပတ်သက်နေမှုနဲ့ လူတဦးကို လန်ဒန်မြို့ ဟိသရိုးလေဆိပ်မှာ ဖမ်းဆီးလိုက်တယ်လို့ ရဲတွေက ပြောပါတယ်။

အသက် ၃၈နှစ်အရွယ် အဲဒီလူကို ဖမ်းဆီးခဲ့မှုဟာ ကြိုတင် စီစဉ်ပြီး လုပ်ခဲ့တာ ဖြစ်ကြောင်းနဲ့ လေဆိပ် လုံခြုံရေးကို တိုက်ရိုက် အန္တရာယ် မရှိကြောင်း ရဲတပ်ဖွဲ့ရဲ့ ကြေညာချက်ထဲမှာ ဖေါ်ပြထားပါတယ်။

တခါ အသေခံ ဗုံးခွဲခဲ့သူ Salman Abediနဲ့ ဆက်နွယ်နေတဲ့ ကားတစင်းပေါ်မှာ ထင်ရှားတဲ့ အထောက်အထားတွေ ဖေါ်ထုတ်တွေ့ရှိခဲ့တယ်လို့ အဲဒီ တိုက်ခိုက်မှု အကြောင်း စုံစမ်းစစ်ဆေးနေတဲ့ ရဲတွေက ပြောပါတယ်။

လူ၂၂ဦး သေဆုံးခဲ့ရတဲ့ ဗုံးခွဲ တိုက်ခိုက်မှုအတွက် ဖောက်ခွဲပစ္စည်းတွေ ဆင်ရာမှာ အဲဒီကားကနေ စက်ကိရိယာပစ္စည်းတွေကို Salman Abedi အသုံးပြုခဲ့ဘွယ် ရှိတယ်လို့ ရဲတွေက ပြောပါတယ်။

Salman Abediဟာ အဲဒီကားဆီ ခဏခဏ သွားလိုက်ပြန်လိုက် လုပ်ခဲ့ပြီး ကားပေါ်မှာ ခရီးဆောင် အိတ်တအိတ် ရှိနေတယ်လို့လည်း ဆိုပါတယ်။

အဲဒီ ဗုံးခွဲ တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့သူ အများစုဟာ လူငယ်တွေနဲ့ ကလေးငယ်တွေ ဖြစ်ကြပါတယ်။