ယူကေ မဲဆွယ်ပွဲ နောက်ဆုံးနေ့ အပြိုင် မဲဆွယ်

  • 7 ဇွန် 2017
Image caption လုံခြုံရေး ကိစ္စချင်းရာ အဓိက လွှမ်းမိုး နေ

ဗြိတိန် ပါလီမန် ရွေးကောက်ပွဲ မနက်ဖြန် ဇွန်လ ၈ ရက်နေ့မှာ ကျင်းပတော့မှာ ဖြစ်ပြီး ဒီကနေ့ဟာ နိုင်ငံရေး ပါတီတွေ အတွက် မဲဆွယ် နောက်ဆုံးနေ့ ဖြစ်ပါတယ်။

ယူကေရဲ့ အဓိက မြို့ကြီးတွေ ဖြစ်တဲ့ မန်ချက်စတာနဲ့ လန်ဒန်မြို့တွေမှာ အကြမ်းဖက် တိုက်ခိုက်မှုတွေ ပေါ်ပေါက်ခဲ့တဲ့နောက် နိုင်ငံရေး ပါတီတွေရဲ့ ရွေးကောက်ပွဲ အကြို မဲဆွယ် စည်းရုံးမှုတွေမှာ လုံခြုံရေး ကိစ္စချင်းရာ အဓိက လွှမ်းမိုး နေပါတယ်။

အာဏာရ ကွန်ဆာဗေးတစ် ပါတီ ခေါင်းဆောင် ဝန်ကြီးချုပ် ထရီဆာမေ အကြံပြုလာတဲ့ အကြမ်းဖက် တိုက်ဖျက်ရေး အကြံပြုချက်တွေကို အဓိက အတိုက်အခံ လေဘာပါတီ ခေါင်းဆောင် ဂျရမီကိုဘင် ပယ်ချ ခဲ့ပါတယ်။

လူ့အခွင့်အရေး အခြေခံ ဥပေဒ ပြဌာန်းချက် တချို့ကို ပယ်ဖျက်မယ် ဆိုတဲ့ ဝန်ကြီးချုပ် မေရဲ့ နည်းနာဟာ ပြဿနာကို ဖြေရှင်းနိုင်မှာ မဟုတ်ဘူးလို့ မစ္စတာကိုဘင်က ဆိုပါတယ်။

နိုးနိုးကြားကြားနဲ့ သတိကြီးကြီး ထားပြီး ရဲတပ်ဖွဲ့နဲ့ လူမှု အသိုင်းအဝိုင်းကြား ပူပေါင်း ဆောင်ရွက်မှုတွေ ပြုလုပ်ခြင်း အားဖြင့်သာ အကြမ်းဖက် ခံရတဲ့ ပြဿနာကို ကိုင်တွယ် ရမှာ ဖြစ်တယ်လို့လည်း မစ္စတာကိုဘင်က ပြောပါတယ်။

ဗြိတိန် ရွေးကောက်ပွဲကို အချိန်စော ကျင်းပလာတာ ဖြစ်ပြီး အီးယူ ထဲကနေ ဗြိတိန် နှုတ်ထွက်ရေး လုပ်ငန်းစဉ်မှာ ခိုင်ခိုင်မာမာ ဆွေးနွေး နိုင်စွမ်း ရှိအောင် ကွန်ဆာဗေးတစ် ပါတီကို မဲထည့် ကြပါ ဆိုပြီး ဝန်ကြီးချုပ်မေက မဲဆွယ် နေပါတယ်။