ထရီဆာမေနဲ့ ဂျရမီကိုဘင် မူဝါဒ ကိုယ်စီနဲ့ နောက်ဆုံး မဲဆွယ်နေ

  • 7 ဇွန် 2017
Image caption ခေါင်းဆောင် နှစ်ဦး ကိုယ်စီ မဲဆွယ် နေ

ယူကေ ရွေးကောက်ပွဲ နောက်ဆုံး မဲဆွယ်နေ့မှာ အဓိက ပါတီကြီး နှစ်ခုရဲ့ ခေါင်းဆောင်တွေ ဖြစ်တဲ့ ဝန်ကြီးချုပ် ထရီဆာမေနဲ့ လေဘာပါတီ ခေါင်းဆောင် ဂျရမီ ကိုဘင်တို့ဟာ သူတို့ အဓိက အာရုံစိုက်တဲ့ အကြောင်း အရာ တွေပေါ် အသားပေး ပြောဆိုရင်း ကိုယ်စီ မဲဆွယ် နေကြပါတယ်။

ဗြိတိန်မှာ တိုရီ ပါတီ ဆိုပြီးတော့လည်း ခေါ်ဆိုတဲ့ ကွန်ဆာဗေးတစ် ပါတီရဲ့ ခေါင်းဆောင် ထရီဆာမေက အီးယူထဲက ဗြိတိန် နှုတ်ထွက်တဲ့ ဘရက်ဆစ် ကြောင့် ယူကေ နိုင်ငံထဲမှာ အလုပ်အကိုင် အခွင့်လမ်းသစ်တွေ ပိုမို ရရှိလာမှာ ဖြစ်သလို၊ အများပြည်သူ အတွက် အိုးအိမ်တွေ ဖူလုံလာပြီး၊ ပို့ဆောင်ရေး ဝန်ဆောင်မှု လမ်းကြောင်းသစ် တွေလည်း ပိုရှိ လာမယ်လို့ ပြောဆို နေပါတယ်။

ဒါ့အပြင် အီးယူထဲကနေ ဗြိတိန် နှုတ်ထွက်တဲ့ ဘရက်ဆစ် လုပ်ငန်းစဉ်မှာ ဗြိတိန် အတွက် အကျိုးကျေးဇူး အရှိစေဆုံး သူသာလျှင် ဆောင်ကြဉ်း ပေးနိုင်မယ့် တစ်ဦးတည်းသော သူ ဖြစ်တယ်လို့လည်း တိုရီခေါင်းဆောင် ထရီဆာမေက ဆိုပါတယ်။

လေဘာခေါင်းဆောင် မစ္စတာကိုဘင်ကတော့ ယူကေမှာ အစိုးရက တာဝန်ယူတဲ့ ပြည်သူ့ ကျန်းမာရေး စောင့်ရှောက်မှု NHS စနစ်ကို ကယ်တင်ဖို့ ၂၄ နာရီပဲ လိုတော့တယ် ဆိုပြီး လေဘာ အစိုးရ ဖြစ်ရင် NHS စနစ်ကို ကာကွယ် သွားမယ့် မူဝါဒနဲ့ ပြောဆို စည်းရုံး နေပါတယ်။

တိုရီတွေသာ အစိုးရ နေရာမှာ ဆက်ရှိရင် နောက် ၅ နှစ်လုံးလုံး အစိုးရ အသုံးစားရိတ် လျှော့ပေါ့ ဖြတ်တောက်တဲ့ ဒဏ်ကို ခံရလိမ့်မယ် ဆိုပြီးတော့လည်း မစ္စတာ ကိုဘင်က သတိ ပေးပါတယ်။