အီရန် ပါလီမန်နဲ့ အယာတိုလာ ခိုမေနီ အုတ်ဂူ တိုက်ခိုက် ခံရ

  • 7 ဇွန် 2017
Image caption အနည်းဆုံး လူ ၁၂ ယောက် သေဆုံး

အီရန် နိုင်ငံ မြို့တော် တီဟီရန်မှာ ဖြစ်ပေါ် ခဲ့တဲ့ တိုက်ခိုက်မှု နှစ်ခု အတွင်း အနည်းဆုံး လူ ၁၂ ယောက် သေဆုံး သွားပြီး တခြားလူ တချို့လည်း ဒဏ်ရာ ရရှိ သွားပါတယ်။

အီရန် ပါလီမန် အဆောက်အဦနဲ့ လက်ရှိ အီရန် အစ္စလာမ်မစ် သမ္မတ နိုင်ငံ အဖြစ် ထူထောင်ခဲ့သူ အယာတိုလာ ခိုမေနီရဲ့ အုတ်ဂူ ရှိရာ အထိမ်းအမှတ် နေရာတို့ တိုက်ခိုက် ခံခဲ့ရတာ ဖြစ်ပါတယ်။

အစ္စလာမ်မစ် နိုင်ငံ အဖွဲ့ IS တွေက ဒီ တိုက်ခိုက်မှုတွေကို သူတို့ ပြုလုပ် ခဲ့တာ ဖြစ်တယ်လို့ ကြေညာပါတယ်။

အီရန်မှာ ဩဇာကြီး လွှမ်းမိုးတဲ့ တော်လှန်ရေး ပြည်စောင့်တပ် ကတော့ အခု တိုက်ခိုက်မှုတွေထဲ ဆော်ဒီအာရေဗျနဲ့ အမေရိကန်တို့ တနည်းမဟုတ် တနည်း ပါဝင် ပတ်သက် နေတယ် ဆိုပြီး စွပ်စွဲပါတယ်။

အမျိုးသမီးတွေလို ဝတ်ဆင်ပြီး ရုပ်ဖျက် လာကြတဲ့ သေနတ်သမားတွေ ပါလီမန် အဆောက်အဦ ထဲထိ ဝင်ရောက် လာခဲ့ ပြီးတဲ့နောက် ပစ်ခတ် ဖောက်ခွဲ တာတွေ ပြုလုပ် ခဲ့ပါတယ်။

အယာတိုလာ ခိုမေနီရဲ့ အုတ်ဂူ ရှိရာမှာတော့ အမျိုးသမီး အသေခံ ဗုံးခွဲ သမား တစ်ယောက်ဟာ လူတစ်ယောက်ကို ပစ်သတ်ခဲ့ပြီး ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲပစ် လိုက်ပါတယ်။

အခု လက်ရှိမှာတော့ အခြေအနေကို ထိန်းချုပ် နိုင်ခဲ့ပြီလို့ အီရန် အာဏာပိုင်တွေက ပြောပါတယ်။