ဗြိတိသျှ ရွေးကောက်ပွဲ မဲဆွယ်ပွဲအဆုံးသတ်

  • 8 ဇွန် 2017
ဓာတ်ပုံ မူပိုင် ROBERT PERRY
Image caption မဲဆွယ်ပွဲမှာ လန်ဒန်တိုက်ခိုက်မှုအတွက် အောက်မေ့ကြ

ဒီကနေ့ ဗြိတိသျှ ရွေးကောက်ပွဲကြီး တနိုင်ငံလုံးမှာ ကျင်းပတော့မှာပါ။ ဒီအတွက် မနေ့ညကပဲ ထိပ်တန်း ပါတီ ခေါင်းဆောင်တွေ အပြိုင်အဆိုင် မဲဆွယ်ပွဲတွေ အဆုံးသတ်ခဲ့ကြပါတယ်။

အဓိက ပါတီ ခေါင်းဆောင်တွေ ဖြစ်တဲ့ ကွန်ဆာဗေးတစ် ပါတီ ခေါင်းဆောင်နဲ့ လက်ရှိ ဝန်ကြီးချုပ် ထရီစာမေ နဲ့ လေဘာ ခေါင်းဆောင် ဂျယ်ရီမီ ကိုဘင်တို့ က သူတို့ မူဝါဒတွေကို ချပြီး နောက်ဆုံးပိတ် အပြိုင် မဲဆွယ်ခဲ့ကြတာပါ။

ကွန်ဆာဗေးတစ် ပါတီရဲ့ ခေါင်းဆောင် ထရီစာမေက အီးယူထဲက ဗြိတိန် နုတ်ထွက်တဲ့ ဘရက်ဆစ် ကြောင့် ယူကေ နိုင်ငံထဲမှာ အလုပ်အကိုင် အခွင့်လမ်းသစ်တွေ ပိုမို ရရှိလာမှာ ဖြစ်သလို အများပြည်သူ အတွက် အိုးအိမ်တွေ ဖူလုံလာပြီး ပို့ဆောင်ရေး ဝန်ဆောင်မှု လမ်းကြောင်းသစ် တွေလည်း ပိုရှိ လာမယ်လို့ ပြောဆို ပါတယ်။

ဒါ့အပြင် အီးယူထဲကနေ ဗြိတိန် နှုတ်ထွက်တဲ့ လုပ်ငန်းစဉ်မှာ ဗြိတိန် အတွက် အကျိုးကျေးဇူး အရှိစေဆုံး သူသာလျှင် ဆောင်ကြဉ်း ပေးနိုင်မယ့် တဦးတည်းသော သူ ဖြစ်တယ်လို့လည်း တိုရီခေါင်းဆောင် ထရီဆာမေက ဆိုပါတယ်။

လန်ဒန်တံတား တိုက်ခိုက်ခံရမှု အပြီး တပတ် အတွင်း လုံခြုံရေးတွေ တိုးချ ထားပေမယ့် ဝန်ကြီးချုပ် ထရီစာမေက အီးယူထဲကနေ ဗြိတိန် ထွက်တဲ့ ကိစ္စ ကိုပဲ အဓိက ပြောကြား ခဲ့ပါတယ်။ ဒီအတွက်ပဲ ရွေးကောက်ပွဲ စောလုပ်ဖို့ သူက ကြေညာခဲ့တာပါ။

လေဘာခေါင်းဆောင် မစ္စတာကိုဘင်ကတော့ ယူကေမှာ အစိုးရက တာဝန်ယူတဲ့ ပြည်သူ့ ကျန်းမာရေး စောင့်ရှောက်မှု NHS စနစ်ကို ကယ်တင်ဖို့ ၂၄ နာရီပဲ လိုတော့တယ် ဆိုပြီး လေဘာ အစိုးရ ဖြစ်ရင် NHS စနစ်ကို ကာကွယ် သွားမယ့် မူဝါဒနဲ့ ပြောဆို စည်းရုံး ခဲ့ပါတယ်။

တိုရီတွေသာ အစိုးရ နေရာမှာ ဆက်ရှိရင် နောက် ၅ နှစ်လုံးလုံး အစိုးရ အသုံးစရိတ် လျှော့ပေါ့ ဖြတ်တောက်တဲ့ ဒဏ်ကို ခံရလိမ့်မယ် ဆိုပြီးတော့လည်း မစ္စတာ ကိုဘင်က သတိ ပေးပါတယ်။

ဂျယ်ရမီ ကိုဘင်က ချမ်းသာသူတွေဆီက အခွန်တွေ တိုးကောက်ပြီး ပြည်သူ့ ဝန်ဆောင်မှုတွေမှာ ဘီလျံနဲ့ ချီ သုံးမယ်လို့လည်း ဆိုပါတယ်။

နောက်ပါတီကြီး တခုဖြစ်တဲ့ လစ်ဘရယ် ဒီမိုကရက်တွေကတော့ ဘယ်ဘက်ကို ပေးမယ် မပြတ်သေးတဲ့ နေရာတွေမှာ အဓိက ထား စည်းရုံးခဲ့ကြပါတယ်။ သူတို့ပါတီဟာ ကွန်ဆာဗေးတစ် တွေရဲ့ ဘက်ဂျက် ဖြတ်တောက်မှု တွေကို ပြုပြင်ပြီး မစ္စတာ ကိုဘင်ရဲ့ ဗင်နီဇွဲလား ပုံစံ ဆိုရှယ်လစ် ဝါဒနဲ့လည်း မတူဘူးလို့ ဆိုပါတယ်။

UKIP ပါတီကတော့ အီးယူထဲကနေ ဗြိတိန် ထွက်တဲ့ ဆိုးကျိုးတွေကို သူတို့သာ ဟန့်တားနိုင်မယ်လို့ ဆိုပါတယ်။

စကော့တလန်က စကော့အမျိုးသားရေးပါတီ SNP ခေါင်းဆောင် နီကိုလာ စတာဂျင်က လေဘာကို မဲပေးရင် ထရီစာမေကို ဝန်ကြီးချုပ် ဖြစ်အောင် တွန်းပို့ လိုက်သလို ဖြစ်သွားမယ် ဆိုပြီး သတိပေးလိုက်ပါတယ်။

ဝေလနဲ့ အိုင်ယာလန် မြောက်ပိုင်းမှာလည်း ပါတီ ခေါင်းဆောင်တွေ အပြိုင် မဲဆွယ်ခဲ့ကြပြီး ဝေလက Plaid Cymru ပါတီ ခေါင်းဆောင် က ကွန်ဆာဗေးတစ် ပြန်တက်လာရင် သူတို့နယ် အတွက် အန္တရာယ် ရှိတာမို့ သူတို့ အကျိုးစီးပွားတွေအတွက် ခုခံသွားမယ်လို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ