အမတ် ၆၅ဝ ကို ရွေးချယ်ဖို့ ယူကေမှာ မဲထည့် နေကြပြီ

  • 8 ဇွန် 2017
Image caption ယူကေ ပြည်သူတွေ မဲထည့်နေပြီ

ယူကေ နိုင်ငံ တလွှား မဲရုံပေါင်း ၄ သောင်းကျော် ဖွင့်ထားတဲ့ ပါလီမန် ရွေးကောက်ပွဲမှာ ယူကေ ပြည်သူတွေ မဲတွေ ပေးနေကြပြီ ဖြစ်ပါတယ်။

မဲရုံတွေကို ဗြိတိသျှ စံတော်ချိန် ၇ နာရီမှာ စတင် ဖွင့်ပြီး ည ၁ဝ နာရီမှာ မဲတွေ စရေမှာ ဖြစ်ပါတယ်။

မဲပေးဖို့ မှတ်ပုံတင် ထားသူ ယူကေ ပြည်သူ ၄၇ သန်း နီးပါး ရှိပြီး ပါလီမန် အမတ်နေရာ ၆၅ဝ ကို ရွေးချယ် တင်မြှောက် ကြမှာ ဖြစ်ပါတယ်။

တချို့ မဲဆန္ဒ ရှင်တွေကတော့ စာတိုက်က တဆင့် စာတွေ ပေးပို့ပြီး ကြိုတင်မဲတွေ ထည့်ခဲ့ကြပြီး ဖြစ်ပါတယ်။

မဲဆန္ဒရုံတွေကို အများအားဖြင့်တော့ ကျောင်းတွေ၊ ရပ်ကွက် သာရေးနာရေး စုပေါင်း ဌာနတွေ၊ ဘာသာရေး ခန်းမတွေမှာ ဖွင့်လှစ် ထားတာ ဖြစ်ပါတယ်။

ယူကေ နိုင်ငံမှာ အကြမ်းဖက် တိုက်ခိုက်မှုတွေ လတ်တလော ကြုံတွေ့ ခဲ့ရတဲ့ အတွက် မဲရုံတွေမှာ ရဲ အစောင့် အင်အား တိုးမြှင့် ချထားသလို တချို့ နေရာတွေမှာ ဆိုရင် လက်နက်ကိုင် လုံခြုံရေးတွေ ပတ္တရောင် လှည့်နေတာ တွေ့ရပါတယ်။

ပုံမှန် ဆိုရင် ၂ဝ၂ဝ မှာ ကျင်းပ ရမှာ ဖြစ်ပေမယ့် လက်ရှိ ဝန်ကြီးချုပ် ထရီဆာမေက ရွေးကောက်ပွဲ စောကျင်းပဖို့ တောင်းဆို ခဲ့ပြီး ပါလီမန်ကလည်း သဘောတူ ခွင့်ပြု ခဲ့ပါတယ်။

ဥရောပ သမဂ္ဂ အီးယူ အဖွဲ့ကနေ ဗြိတိန် နှုတ်ထွက်ဖို့ တနိုင်ငံလုံး ဆန္ဒခံယူပွဲ ကနေ အဖြေ ထွက်လာခဲ့ပြီး တစ်နှစ် နီးပါး အကြာမှာ အခုလို ရွေးကောက်ပွဲ ကျင်းပလာတာ ဖြစ်ပါတယ်။

အနိုင် အရှုံး ရလဒ်တွေကို ဒေသ စံတော်ချိန် သန်းခေါင်ယံ မတိုင်ခင်လေးမှာ စတင် ကြေညာမှာ ဖြစ်ပါတယ်။