ဗြိတိသျှ ရွေးကောက်ပွဲ ကွန်ဆာဗေးတစ်ဆက်နိုင်မလား

  • 9 ဇွန် 2017
ဓာတ်ပုံ မူပိုင် Jeff Overs/BBC
Image caption လက်ရှိအာဏာရ ကွန်ဆာဗေးတစ်ပါတီက မဲအသာရနေတယ်လို့ ဖော်ပြ

ဗြိတိသျှရွေးကောက်ပွဲ မဲပေးခဲ့သူတွေကို ဘီဘီစီ၊ အိုင်တီဗီ၊ စကိုင်းသတင်းဌာနတို့ရဲ့ စစ်တမ်းကောက်ယူချက်အရ ဗြိတိန် ၂၀၁၇ ရွေးကောက်ပွဲမှာ လက်ရှိအာဏာရ ကွန်ဆာဗေးတစ်ပါတီက မဲအသာရနေတယ်လို့ ဖော်ပြပေမယ့် တပါတီတည်း အစိုးရဖွဲ့နိုင်လောက်တဲ့ အများစုမဲရရှိဖို့ရာ မသေချာဘဲ ဖြစ်နေပါတယ်။

စစ်တမ်းကောက်ယူချက်အရ ကွန်ဆာဗေးတစ်ပါတီက ၃၁၄ နေရာ၊ လေဘာပါတီက ၂၆၆ နေရာ၊ စကော့တလန် အမျိုးသားပါတီက ၃၄ နေရာ ၊ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီက ၁၄ နေရာ အနိုင်ရနိုင်ပါတယ်။

ကနဦးစစ်တမ်းတွေအရ အာဏာရ ကွန်ဆာဗေးတစ်ပါတီ အင်အားအကြီးဆုံး ဆက်ဖြစ်နိုင်ပေမယ့် အမတ် ၁၇ နေရာဆုံးနိုင်တယ်လို့ဆိုပါတယ်။

ဒီစစ်တမ်းကောက်ယူထားတဲ့ မဲအရေအတွက်သာ မှန်မယ်ဆိုရင်တော့ လွှတ်တော်ထဲမှာ နေရာအများစုကို အပြတ်အသတ်အနိုင်ရမယ်လို့ ခန့်မှန်းထားတဲ့ ကွန်ဆာဗေးတစ်ပါတီအတွက် မှန်းချက်နဲ့ နှမ်းထွက်မကိုက်သလို ဖြစ်နေပါတယ်။

ဓာတ်ပုံ မူပိုင် JUSTIN TALLIS
Image caption ရွေးကောက်ပွဲ လူငယ်တွေ အများကြီး မဲထွက်ပေး

ပထမဆုံး ထွက်လာတဲ့ ရလဒ်တွေအရ လေဘာက အင်္ဂလန် မြောက်ပိုင်းက နယူးကာဆယ် အလယ်မှာ ကွန်ဆာဗေးတစ်ကို စစ်တမ်းက ခန့်မှန်းတာထက် ၂ ရာခိုင်နှုန်း ပိုများပြီး နိုင်ပါတယ်။ နောက် အနားတဝိုက်မှာလည်း လေဘာပဲ နိုင်ပါတယ်။

ကွန်ဆာဗေးတစ်ကတော့ ဆွန်ဒန် မြောက်ပိုင်းက စနိုင်ပါတယ်။

ခုဆိုရင် အတိုက်အခံ လေဘာ ခေါင်းဆောင် ဂျယ်ရမှ ကိုဘင် အိမ်ကို လုံခြုံရေးတွေ စချပေးထားနေပါပြီ။

ဒီရွေးကောက်ပွဲမှာ အမတ်နေရာအများစု ရဖို့အတွက် ၃၂၆ နေရာ နိုင်မှ ဖြစ်မှာပါ။ ရလဒ် အပြည့်အစုံကို ကနေ့ လန်ဒန် စံတော်ချိန် နေ့လယ်ပိုင်းမှာ ရမယ်လို့ ယူဆနေကြပါတယ်။

မဲပေးခွင့်ရှိသူ ၄၅ သန်းကျော်က အမတ်နေရာ ၆၅ဝ အတွက် ရွေးကောက်ကြရတာပါ။

ဒီစစ်တမ်းသာ သေချာရင်တော့ ဗြိတိသျှ နိုင်ငံရေးရဲ့ သဘာဝကို ပြောင်းရမလို ဖြစ်နေပြီ စောလွန်းတယ်လို့ ဆိုသူတွေလည်း ရှိပါတယ်။

ဘယ်ဘက်ကမှ မပြတ်ရင် လေဘာဘက်က ပါတီလေးတွေနဲ့ ညှိပြီး အစိုးရသစ် ဖွဲ့မယ် ဆိုသူကလည်း ရှိနေပါတယ်။

ကွန်ဆာဗေးတစ်ဘက်ကတော့ သူတို့ အသာလေး ကပ်နိုင်မယ်လို့ မျှော်လင့်နေဆဲ ဖြစ်ပါတယ်။

ဒီထက် အခြေအနေဆိုးသွားရင်တော့ သူတို့ခေါင်းဆောင် ထရီစာမေရဲ့ အနေအထားက စိုးရိမ်စရာပါ။

မဲဆွယ်ပွဲမှာ ကောင်းကောင်းမအောင်မြင်ခဲ့ဘဲ လေဘာက တဟုန်ထိုးတက်လာလို့ ခုလို ဘယ်သူနိုင်မယ် သေချာ မသိရတဲ့ အခြေအနေမျိုးထိ ဖြစ်လာခဲ့တာပါ။

ဒီသတင်းနဲ့ပတ်သက်သမျှ