ယူကေ ညွှန့်ပေါင်း အစိုးရ ဖွဲ့စည်းရမယ်

  • 9 ဇွန် 2017
Image caption ဘယ်ပါတီက အစိုးရ ဖြစ်မလဲ ဆ်ိုတာ ခန့်မှန်း နိုင်ခြင်း မရှိသေး

လတ်တလော မဲရလဒ် တွေ အရ ကွန်ဆာဗေးတစ် ပါတီက ၃၁၅ နေရာ၊ လေဘာ ပါတီက ၂၆၁ နေရာ၊ စကော့တလန် အမျိုးသား ပါတီက ၃၅ နေရာ၊ လစ်ဘရယ် ဒီမိုကရက် က ၁၂နေရာ၊ ဒီမိုကရက် ညွှန့်ပေါင်း ပါတီ က ၁၀ နေရာ၊ မြောက်အိုင်ယာလန် စိန်းဖင်း ပါတီက ၇ နေရာ၊ ဝေလ ပြည်နယ် ပလိုက် ကွန်မရီ ပါတီ က ၄ နေရာ၊ ဂရင်း ပါတီ က ၁ နေရာ နဲ့ တစ်သီး ပုဂ္ဂလ အမတ် ၁ နေရာ အသီးသီး အနိုင် ရရှိထားပါတယ်။

အစိုးရ ဖွဲ့ဖို့ လိုအပ်တဲ့ လွှတ်တော် အမတ် ၃၂၆ နေရာ ကို ဘယ်ပါတီ က မှ မရရှိခဲ့တဲ့ အတွက် ဗြိတိန် လွှတ်တော် ဟာ ညွှန့်ပေါင်း လွှတ်တော် တစ်ရပ် ဖြစ်လာခဲ့ပါတယ်။

လွှတ်တော် အမတ် နေရာ အများစု ရရှိထားတဲ့ ကွန်ဆားဗေးတစ် ပါတီ က ရွေးကောက်ပွဲ အနိုင် ရရှိတယ်လို့ ကြေညာ ပါတယ်။

တစ်ခါ တစ်ရံမှာ သူက အခြား ပါတီ ငယ်တွေ နဲ့ ပူးပေါင်းပြီး အစိုးရ ဖွဲ့ နိုင်ပြီး အမတ် အများစု အနိုင် ရထားတဲ့ ပါတီ ခေါင်းဆောင် က ဝန်ကြီးချုပ် အဖြစ် တာဝန် ထမ်းဆောင်တာပါ။

၂၀၁၀ ခုနှစ် တုန်း က ကွန်းဆားဗေးတစ် ပါတီ ဟာ လစ်ဘရယ် ဒီမိုကရက် ပါတီ နဲ့ ပူးပေါင်းပြီး အစိုးရ ဖွဲ့စည်းခဲ့ပါတယ်။ အဲဒီ တုန်း က ကွန်ဆားဗေးတစ် ပါတီ ခေါင်းဆောင် က ဒေးဗစ် ကင်မရွန်း က ဝန်ကြီးချုပ် အဖြစ် ဆောင်ရွက် ခဲ့ပြီး လစ်ဘရယ် ဒီမိုကရက် ပါတီ ခေါင်းဆောင် နစ် ကလပ် က လက်ထောက် ဝန်ကြီးချုပ် အဖြစ် ဆောင်ရွက်ခဲ့ တာဖြစ်ပါတယ်။

ပါလီမန်မှာ လွှတ်တော် အမတ် နေရာ ဒုတိယ အများဆုံး ရရှိတဲ့ လေဘာ ပါတီ ကလည်း အခြား ပါတီ တွေ နဲ့ ပူးပေါင်းပြီး ညွှန့်ပေါင်း အစိုးရ တစ်ရပ် ဖွဲ့စည်း နိုင်တဲ့ အခွင့်အရေး ရှိပါတယ်။ လက်ရှိ ဝန်ကြီးချုပ် ရာထူး ကနေ နှုတ်ထွက် ပေးဖို့ လေဘာ ခေါင်းဆောင် ဂျယ်ရမီ ကိုဘင် က တောင်းဆို ထားပါတယ်။

Image caption ထရီစာ မေ က နှတ်ထွက်မှာ မဟုတ်လို့ ပြောကြား

ဗြိတိန် အောက်လွှတ်တော်မှာ အစိုးရ တစ်ရပ် ဖွဲ့စည်း နိုင်လောက်တဲ့ အမတ် နေရာ ကို ဘယ်ပါတီ ကမှ မရရှိတဲ့ အတွက် ညွှန့်ပေါင်း ပါလီမန် လို့ ခေါ်ဝေါ် သုံးစွဲပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲ တုန်းကလည်း အခုလို ညွှန့်ပေါင်း လွှတ်တော် တစ်ရပ် ပေါ်ပေါက်ခဲ့ပြီး ကွန်ဆာဗေးတစ် နဲ့ လစ်ဘရယ် ဒီမိုကရက် တို့ပူးပေါင်း ပြီး အစိုးရဖွဲ့စည်း ပြီး ဗြိတိန် ကို ဦးဆောင် ခဲ့ပါတယ်။

လွှတ်တော်ထဲမှာ ကွန်ဆားဗေးတစ် ပါတီက အမတ် နေရာ ၃၁၅ နေရာ နဲ့ အများစု ရရှိထားပါတယ်။ လေဘာ က ၂၆၀ နဲ့ စကော့တလန် အမျိုးသား ပါတီ က ၃၅ နေရာ ရရှိပြီး အခြား ပါတီ က စုစုပေါင်း ၃၄ နေရာ ရရှိ ထားပါတယ်။ ကွန်ဆာဗေးတစ် ပါတီ ခေါင်းဆောင် ထရီဆာ မေ က အခြား ပါတီ တစ်ခု နဲ့ ပူးပေါင်းပြီး ညွှန့်ပေါင်း အစိုးရ ဖွဲ့ မလား ဒါမှ ရာထူး ကနေ နှုတ်ထွက် မလား ဆိုတာ မကြာခင် ကြေညာဖို့ ရှိပါတယ်။

လေဘာ ခေါင်းဆောင် ကလည်း ညွှန့်ပေါင်း အစိုးရ ဖွဲ့စည်း ဖို့ အခြား ပါတီ တွေ နဲ့ ညှိနှိုင်း သွားမယ်လို့ ပြောဆို ထားတာ ရှိပါတယ်။ အကယ်၍ အခြား ပါတီ တွေက လေဘာ ပါတီကို ထောက်ခံ မယ် ဆိုရင် ဂျယ်ရမီ ကိုဘင် က ဝန်ကြီးချုပ် သစ် ဖြစ်လာဖို့ ရှိပါတယ်။

လာမယ့် ဇွန်လ ၁၃ ရက်နေ့မှာ ပါလီမန် အစည်းအဝေး ကျင်းပမှာပါ။ အဲဒီ မတိုင်ခင် အချိန်အထိ လေဘာ သို့မဟုတ် ကွန်ဆာဗေးတစ် ပါတီက ဦးဆောင်ပြီး အစိုးရ ဖွဲ့စည်း နိုင်ဖို့ အခြား ပါတီ တွေ နဲ့ ညှိနိုင်း မှုတွေ လုပ်ရမှာ ပါ။

ဗြိတိန် ဘုရင်မကြီး အနေနဲ့ လာမယ့် ဇွန် ၁၉ ရက်နေ့မှာ နိုင်ငံ့ အကျိုးပြု မိန့်ခွန်း ပြောမှာပါ။ အဲဒီ အချိန်မှာ အစိုးရ အဖွဲ့ ခေါင်းဆောင် က ဘယ်သူ ဆိုတာ ကြေညာလေ့ ရှိပါတယ်။ လောလောဆယ်မှာတော့ အဓိက အင်အားကြီး ပါတီ နှစ်ခု က ညွှန့်ပေါင်း အစိုးရ ဖွဲ့ ဖို့ အတွက် ကြိုးစားကြမှာ ဖြစ်တဲ့ အတွက် ဘယ်ပါတီက အစိုးရ ဖြစ်မလဲ ဆိုတာ ခန့်မှန်း နိုင်ခြင်း မရှိသေး ပါဘူး။

ညွှန့်ပေါင်း အစိုးရ တစ်ရပ် ထွက်ပေါ်လာခဲ့ရင် ဗြိတိန် ဥရောပ သမဂ္ဂ ထဲကနေ နှုတ်ထွက်မယ့် ညှိနှိုင်း ဆွေးနွေးမှုတွေက နှောင့်နှေး နိုင်တယ်လို့ နိုင်ငံရေး လေ့လာသူတွေက သုံးသပ် ကြပါတယ်။ ဇွန် ၁၉ ရက်နေ့မှာပဲ EU နဲ့ ဗြိတိန် အစိုးရ တို့ အကြား ညှိနိုင်း ဆွေးနွေးဖို့ ရှိပြီး ညှိနှိုင်းမှုတွေကို ရွှေ့ ပေးဖို့ တောင်းဆို မှုတွေ လုပ်လာနိုင်ပါတယ်။

ရာထူး ကနေ နှုတ်ထွက်မှာ မဟုတ်ဘူးလို့ လက်ရှိ ဝန်ကြီးချုပ် ထရီစာ မေ က ပြောပါတယ်။ လွှတ်တော်မှာ အင်အားကြီး ပါတီ တစ်ခု ဖြစ်တဲ့ အတွက် ညွှန့်ပေါင်း အစိုးရ တစ်ရပ် ဖွဲ့စည်းဖို့ ကြိုးစားမယ်လို့ ပြောကြား ခဲ့ပါတယ်။