ယူကေ ရွေးကောက်ပွဲ က ထင်ရှားတဲ့ အချက်တွေ

  • 9 ဇွန် 2017
Image caption ကွန်ဆားဗေးတစ် က အင်အားကြီးပါတီ အဖြစ် လွှတ်တော်မှာ နေရာယူ

အခု ကျင်းပ ပြီးစီး ခဲ့တဲ့ ယူကေ ရွေးကောက်ပွဲ မှာ ပါတီ တစ်ခုခု က အစိုးရ ဖွဲ့ နိုင်လောက် တဲ့ အမတ် ၃၂၆ နေရာ ကို မရရှိခဲ့ပါဘူး။

ကွန်ဆာဗေးတစ် က ၃၁၈ နေရာ၊ လေဘာပါတီ က ၂၆၁ နေရာ သာ အနိုင် ရရှိခဲ့ပါတယ်။

နောက်ဆုံး သတင်းတွေ အရ ကွန်ဆားဗေးတစ် ပါတီ က ဒီမိုကရက်တစ် ညွှန့်ပေါင်း ပါတီ နဲ့ ပူးပေါင်းပြီး အစိုးရ ဖွဲ့စည်းတော့မှာပါ။

ဒီကနေ့ နေ့လယ်ပိုင်း မှာ ကွန်ဆာဗေးတစ် ပါတီ ခေါင်းဆောင် ထရီစာ မေ ဘုရင်မကြီး နဲ့ သွားရောက် တွေ့ဆုံပြီး အစိုးရ ဖွဲ့စည်း ခွင့် တောင်းဆို မှာ ဖြစ်ပါတယ်။

Image caption လူငယ် တွေက လေဘာ ပါတီ ကို မဲထည့်

အထင်ကရ နိုင်ငံရေး သမားတွေ ရှုံးနိမ့်

စကော့တလန် အမျိုးသား ပါတီ ခေါင်းဆောင်ဟောင်း လည်း ဖြစ် စကော့ တလန် ပြည်နယ် ဝန်ကြီးချုပ်ဟောင်းလည်း ဖြစ်ခဲ့ဖူးသူ အဲလက်စ် ဆယ်လ်မွန် ဟာ ကွန်ဆားဗေးတစ် ပါတီ ကိုယ်စားလှယ် ကို ရှုံးနိမ့်သွားခဲ့ပါတယ်။

ဝက်စ်မင်စတာ လွှတ်တော်မှာ စကော့တလန် အမျိုးသား ပါတီ ကို ဦးဆောင်မှု ပေးတဲ့ အန်းဂတ် ရော်ဘတ်ဆင် ဟာလည်း သူ့ရဲ့ မဲဆန္ဒနယ်မှာ အနိုင်မရ ရှိခဲ့ပါဘူး။

၂၀၁၀ ရွေးကောက်ပွဲတုန်း က ညွှန့်ပေါင်း အစိုးရ လက်ထောက် ဝန်ကြီးချုပ် နစ်ခ် ကလပ် ဟာလည်း သူ့ရဲ့ မဲဆန္ဒနယ်မှာ ပြိုင်ဘက် လေဘာပါတီ ကိုယ်စားလှယ် ကို ရှုံးနိမ့် ခဲ့ပါတယ်။

မဲပေးသူ အရေအတွက်များ

လက်ရှိ ဝန်ကြီးချုပ် ထရီစာ မေ က တောင်းဆိုလို့ ကျင်းပခဲ့ရတဲ့ ရွေးကောက် ပွဲမှာ စုစုပေါင်း မဲပေးသူ ရာခိုင်နှုန်း က ၆၉ ရာခိုင်နှုန်း အထိ ရှိခဲ့ပါတယ်။ အခု ရွေးကောက်ပွဲမှာ

၁၈ ကနေ ၂၄ အသက်အရွယ်ကြား လူငယ် တွေက မဲလာ ပေးမှု များခဲ့ တယ်လို့ စစ်တမ်း တွေက ဖော်ပြကြပါတယ်။

လေဘာပါတီကို လူငယ်တွေ မဲပေး

ပါတီ ခေါင်းဆောင် ဂျယ်ရမီ ကိုဘင် ဟာ လူငယ် တွေကို မဲပေးဖို့ စည်းရုံးမှု များစွာ လုပ်ဆောင် နိုင်ခဲ့တယ်လို့ စစ်တမ်း တွေက ဖော်ပြကြပါတယ်။

ပရော်ဖက်ဆာ ဂျွန် ကားတစ် ရဲ့ ထုတ်ပြန်ချက် အရ လူငယ် အများစု ဟာ အခု ရွေးကောက်ပွဲမှာ မဲပေးမှု များခဲ့ပြီး လေဘာပါတီ ကို မဲထည့် ခဲ့ကြ တယ်လို့ ဆိုပါတယ်။

Image caption အစိုးရ ဖွဲ့ ဖို့ လိုအပ်တဲ့ မဲရလဒ် မရ

အမျိုးသမီး အမတ် ပိုများ

ပါတီ အသီးသီး က အမျိုးသမီး ကိုယ်စားလှယ် စုစုပေါင်း ၂၀၇ ဦးဟာ လွှတ်တော် အမတ် အဖြစ် ရွေးချယ် ခံခဲ့ရပါတယ်။ ဒါဟာ ၂၀၁၅ ခုနှစ် က ထက် ၁၁ ဦး ပိုများ တဲ့ အရည်အတွက်ပါ။

လွှတ်တော် ထဲမှာ အမျိုးသမီး အမတ် အချိုးအစား က ၃၀ ရာခိုင်နှုန်း အထိ ရှိပြီး ၂၀၁၅ ခုနှစ် ကထက် ၄ ရာခိုင်နှုန်း ပိုပါတယ်။ ရွေးကောက်ပွဲ ပါဝင် ယှဉ်ပြိုင်တဲ့ အမျိုးသမီး ဦးရေ ကတော့ ၉၈၃ ဦးသာ ရှိပြီး အရင်နှစ် တွေထက် ၈၀ လျော့နည်းပါတယ်။

အလျင်မြန်ဆုံး မဲရလဒ် ထုတ်ပြန်မှု

အရင်တုန်းကတော့ ဆန်းဒါးလန်း က မဲ ရလဒ် ကို အရင်ဆုံး ကြေညာ နိုင်လေ့ ရှိတဲ့ မြို့နယ် တစ်ခုပါ။ ဒါပေမယ့် ဒီနှစ်မှာတော့ နယူးကာဆယ် အလယ်ပိုင်း က ည ၁၁ နာရီ နဲ့ ၁ မိနစ် နဲ့ အစောဆုံး မဲရလဒ် ကြေညာ ခဲ့ပါတယ်။ မဲရုံ ပိတ်သိမ်း ချိန် က ည ၁၀ နာရီပါ။

Image caption ပထမဆုံး ဆစ်ခ် အမျိုးသမီး အမတ်

ပထမဆုံး ဆစ်ခ် အမျိုးသမီး အမတ်

ဘာမင်ဂမ် အိတ်ဂ်ဘတ်စ်တန်မှာ လေဘာ ပါတီ က ကိုယ်စားလှယ် ပီရတ် ကာ ဂေးလ် က ပြိုင်ဘက် ကိုယ်စားလှယ် ထက် မဲရလဒ် ခြောက်ထောင် ကျော် အသာ ရပြီး အနိုင် ရရှိသွားခဲ့ပါတယ်။ အသက် ၄၄ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ သူက ဖခင် ဖြစ်သူ ကို အားကျ အတုယူ ခဲ့တယ်လို့ ပြောပါတယ်။