ဗြိတိန်ဝန်ကြီးချုပ် ရဲ့ အကြံပေးတွေ ရာထူး ကထွက်

  • 10 ဇွန် 2017
ဓာတ်ပုံ မူပိုင် EPA
Image caption သမိုင်းတလျှောက် အဆိုးဝါးဆုံး ရွေးကောက်ပွဲ ကြေညာစာတမ်းကို ထုတ်ပြန်ခဲ့ရာမှာ သူတို့ ပါဝင်ခဲ့တယ်ဆိုပြီး ကွန်ဆားဗတစ်ရဲ့ ဝါရင့် ပါတီဝင်တွေက စွပ်စွဲ

ယူကေရဲ့ ကွန်ဆားဗတစ် ဝါရင့် ပါတီဝင်တွေက ဝန်ကြီးချုပ် ထရီစာမေရဲ့ အကြံပေး ၂ ယောက်ကို ရာထူးက ထုတ်ဖို့ တောင်းဆိုတဲ့ သတင်းထွက်လာအပြီးမှာပဲ အဲဒီ အကြံပေး ၂ ယောက်လုံး နှုတ်ထွက်သွားပြီ ဖြစ်ပါတယ်။

အစောပိုင်းမှာ ပါတီ အကြံပေး နစ်ခ် တင်မိုသီနဲ့ ဖီယိုနာ ဟီးလ်တို့ဟာ သမိုင်းတလျှောက် အဆိုးဝါးဆုံး ရွေးကောက်ပွဲ ကြေညာစာတမ်းကို ထုတ်ပြန်ခဲ့ရာမှာ ပါဝင်ခဲ့တယ်ဆိုပြီး ကွန်ဆားဗတစ်ရဲ့ ဝါရင့် ပါတီဝင်တွေက သူတို့ကို ရာထူးက ထုတ်ပေးဖို့ ဝန်ကြီးချုပ်ကို တောင်းဆိုလိုက်ပြီး တနင်္လာနေ့ရောက်လို့မှ ထုတ်မပေးရင် ပါတီခေါင်းဆောင်နေရာကို စိန်ခေါ်မယ် ဆိုတဲ့ သတင်း ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။

ဝန်ကြီးချုပ် ထရီစာမေဟာ သူ့ရဲ့ အစိုးရအဖွဲ့က လူထု ထောက်ခံမှု ပိုရမယ်လို့ မှားယွင်းတွက်ချက်ပြီး ခေါ်ဆိုခဲ့တဲ့ ရွေးကောက်ပွဲမှာကျမှ အမတ်နေရာ ၁၃ နေရာ အထိ ဆုံးရှုံးခဲ့တာကြောင့် သူခေါင်းဆောင်အဖြစ် ကြာကြာ မနေသင့်တော့ဘူးလို့လည်း သူ့ပါတီတွင်းက ပြောဆိုမှုတွေလည်း ထွက်ပေါ်နေပါတယ်။

လတ်တလော ယူကေ အထွေထွေ ရွေးကောက်ပွဲမှာ အများစု အမတ်နေရာ မရခဲ့တဲ့ ကွန်ဆားဗတစ်ပါတီက မြောက်အိုင်ယာလန်က ဒီမိုကရက်တစ် ပေါင်းစည်းရေးပါတီ ဒီယူပီနဲ့ ပေါင်းပြီး အစိုးရဖွဲ့မှာ ဖြစ်ပေမယ့် ပါတီပုံရိပ် ထိခိုက်မှာကိုလည်း ပါတီတွင်း စိုးရိမ်မှုတွေ ရှိနေပါတယ်။

ဒီယူပီဟာ လိင်တူ ထိန်းမြားမှုနဲ့ ကိုယ်ဝန်ဖျက်ချမှု ဆန့်ကျင်ရေးတွေကို ထောက်ခံ ဆောင်ရွက်နေတဲ့ ပါတီဖြစ်တဲ့အတွက် အစိုးရအဖွဲ့ ရာထူးယူမထားတဲ့ ကွန်ဆားဗတစ်ပါတီဝင် လွှတ်တော်အမတ်တွေက စိုးရိမ်နေကြတာ ဖြစ်ပါတယ်။

ကွန်ဆားဗတစ်နဲ့ ဒီယူပီနဲ့ ပူးပေါင်းမယ့် သတင်းထွက်ပေါ်လာအပြီးမှာ တနိုင်ငံလုံး အတိုင်းအတာနဲ့ လိင်တူအခွင့်အရေး မဆုံးရှုံးစေရပါဘူးဆိုတဲ့ ကတိကိုတော့ မစ္စစ် ထရီဆာမေက ပေးခဲ့တယ်လို့ လိင်တူလက်ထပ်ထားတဲ့ စကော့တလန်နယ်က ကွန်ဆားဗတစ်ခေါင်းဆောင် အမျိုးသမီး ရုသ် ဒေဗစ်ဆင်က ပြောပါတယ်။

ဒီယူပီပါတီ လွှတ်တော်အမတ်ဖြစ်ပြီး မြောက်အိုင်ယာလန်ရဲ့ သဘာဝပတ်ဝန်းကျင် ဝန်ကြီး လုပ်ခဲ့ဖူးသူ ဆမ်မီ ဝီလ်ဆင်ဆိုရင် ကမ္ဘာ့ရာသီဥတု ဖောက်ပြန်မှုဖြစ်နေတာကို လက်မခံသူတယောက် အဖြစ်လူသိများပြီး ပါတီရဲ့ ပညာရေးပိုင်း ပြောခွင့်ရ ပုဂ္ဂိုလ် လုပ်ခဲ့ဖူးတဲ့ မာဗင် စတိုးရေးဆိုရင်လည်း မြောက်အိုင်ယာလန်က အယ်စတာ ပြတိုက်မှာ ဆင့်ကဲဖြစ်စဉ်ကြောင့် သက်ရှိတွေ ဖြစ်လာတယ်ဆိုတဲ့ အီဗော်လူးရှင်း သဘောတရားကို ပြတဲ့ ပြကွက်ကို ကန့်ကွက်ခဲ့ဖူးလို့ ဝေဖန်ခံခဲ့ရဖူးပါတယ်။

လက်ရှိ ယူကေ ဝန်ကြီးချုပ် ထရီစာမေဟာ သူ့ရဲ့ ကွန်ဆားဗတစ်ပါတီက လွှတ်တော် အမတ် ၃၁၈ နေရာပဲ ရတဲ့အတွက် လွှတ်တော်တွင်း အသာရမယ့် အမတ် ၃၂၆ နေရာ ပြည့်ဖို့ အမတ် နေရာ ၁၀ နေရာရတဲ့ ဒီယူပီပါတီနဲ့ ဘယ်လိုပုံစံမျိုးနဲ့ ပူးပေါင်းမယ်ဆိုတဲ့ အသေးစိတ်ကို ဆက်လက် ဆွေးနွေးနေဆဲ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ