ယူကေ ကွန်ဆာဗေးတစ် အစိုးရ ဖွဲ့နိုင်ပြီ

  • 11 ဇွန် 2017
ဓာတ်ပုံ မူပိုင် Getty Images
Image caption ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ တစ်ပါတီထဲ က အစိုးရ ဖွဲ့နိုင်ဖို့ လုံလောက်တဲ့ အမတ် နေရာ ကွန်ဆာဗေးတစ် ပါတီ က မရခဲ့

ဗြိတိန် ရွေးကောက်ပွဲမှာ ကွန်ဆာဗေးတစ် ပါတီ ဟာ တစ်ပါတီထဲက အစိုးရ ဖွဲ့နိုင်တဲ့ အမတ် အရေအတွက် ပြည့်မီအောင် အနိုင်မရ ခဲ့ပေမယ့် မြောက် အိုင်ယာလန် က ဒီမိုကရက်တစ် ညီညွှတ်ရေး ပါတီ DUP နဲ့ ပူးပေါင်းပြီး အစိုးရ ဖွဲ့စည်း ဖို့ သဘောတူ နိုင်ခဲ့ပြီလို့ ဝန်ကြီးချုပ် အိမ်တော်က ထုတ်ပြန်ပါတယ်။

DUP ပါတီ နဲ့ ကွန်ဆာဗေးတစ် ပါတီ တို့ အကြားမှာ ယုံယုံကြည်ကြည် ပူးပေါင်း ပြီး အစိုးရ ဖွဲ့စည်းရေး အတွက် အပြန်အလှန် ထောက်ပံ့ ကူညီဖို့ သဘောတူညီ နိုင်ခဲ့ကြောင်း ဒေါင်းနင်းလမ်း ဝန်ကြီးချုပ် အိမ်တော်က ထုတ်ပြန်တဲ့ ကြေညာချက် ထဲမှာ ဖော်ပြ ထားပါတယ်။

တနင်္လာနေ့မှာ ကျင်းပမယ့် အစိုးရ အဖွဲ့ အစည်းအဝေး ကို DUP ပါတီ က ကိုယ်စားလှယ်တွေ တက်ရောက်မှာ ဖြစ်တယ်လို့ ဝန်ကြီးချုပ် အိမ်တော် ဘက် ပြောပါတယ်။

လာမယ့် အင်္ဂါနေ့မှာ DUP ဘက် ကိုယ်စားလှယ် အဖွဲ့ဟာ လွှတ်တော် ကိုလာရောက်ပြီး အဲဒီမှာ နှစ်ဘက် က ထပ်ပြီး ဆွေးနွေးကြဖို့ ရှိပါတယ်။ အဲဒီကျတော့ နှစ်ဘက် ကြားက အသေးစိတ် ကိစ္စတွေ ထပ်မံ ထုတ်ပြန်ဖို့ ရှိတယ်လို့ ဘီဘီစီ နိုင်ငံရေး သတင်း အယ်ဒီတာ က ပြောပါတယ်။

ကြာသပတေး နေ့တုန်း က ကျင်းပ ခဲ့တဲ့ ဗြိတိန် အထွေထွေ ရွေးကောက်ပွဲမှာ ကွန်ဆာဗေးတစ် ပါတီ ဟာ တစ်ပါတီထဲက အစိုးရ ဖွဲ့နိုင်ဖို့ လိုအပ်တဲ့ အမတ်နေရာ ၃၂၆ နေရာ ရရှိခဲ့ခြင်း မရှိဘဲ အမတ်နေရာ ၃၁၈ နေရာ အနိုင်ရရှိခဲ့ပါတယ်။

ကွန်ဆာဗေးတစ် ပါတီ ရဲ့ခေါင်းဆောင်မှု အပိုင်း ကိုလည်း ထိပ်တန်း ပါတီဝင် တွေက ဝေဖန် ခဲ့ကြပါတယ်။ ဝန်ကြီးချုပ် ရဲ့ အနီးကပ် အကြံပေး နှစ်ဦး ကို ရာထူး က ထုတ်ပယ် ဖို့ တောင်းဆို မှု တွေ ရှိခဲ့ပါတယ်။ အဲဒီနောက်မှာ အကြံပေး အရာရှိ တွေဟာ သူတို့ ကိုယ်တိုင် ရာထူး ကနေ နှုတ်ထွက် သွားခဲ့ ကြပါတယ်။