ပြင်သစ်မှာ ပါလီမန်အမတ် ရွေးကောက်ပွဲလုပ်နေ

  • 11 ဇွန် 2017
ဓာတ်ပုံ မူပိုင် Reuters
Image caption ဒီရွေးကောက်ပွဲဟာ အမတ် နေရာ ၅၇၇ နေရာအတွက် ကျင်းပတာ ဖြစ်ပြီး ပထမအကျော့မှာ မဲ ၅၀ ရာခိုင်နှုန်းကျော် ရတဲ့ အမတ်က ပါလီမန် အမတ် တန်းဖြစ်မယ်

ပြင်သစ်သမ္မတအဖြစ် ခန့်အပ်ခံရပြီးသားဖြစ်တဲ့ အီမန်နွဲ မာခွန်းက သူ့ရဲ့ နေရပ်ဖြစ်တဲ့ နိုင်ငံမြောက်ပိုင်း ကမ်းခြေက လေတုကက် ဒေသမှာ ပါလီမန် အမတ် ရွေးကောက်ပွဲ ပထမအကျော့ အတွက် ဒီကနေ့ ဇွန်လ ၁၁ ရက်နေ့မှာ မဲထည့်ခဲ့ပါတယ်။

မစ္စတာ မာခွန်းက ဖွဲ့စည်းထားတာ မကြာသေးတဲ့ သူ့ရဲ့ ပါတီ အွန်းမာ့ရှ်အတွက် အများစု အသာရနိုင်ရေး မဲပေးကြဖို့လည်း မဲဆန္ဒရှင်တွေကို တိုက်တွန်းထားပါတယ်။

သူ့ရဲ့ ပါတီဝင် အမတ်လောင်းအများစုဟာ တခါမှ ရွေးကောက်ပွဲ ဝင်ဖူးကြတဲ့သူတွေ မဟုတ်ပဲ အမတ်လောင်း တဝက်လောက်ကလည်း အမျိုးသမီးတွေ ဖြစ်ကြပါတယ်။

မစ္စတာ မာခွန်းဟာ အလုပ်သမားဥပဒေ ပြောင်းလဲရေး အပါအဝင် ဥပဒေ ပြင်ဆင်ရေး စီမံကိန်းတခု ဖြစ်မြောက်လာဖို့လည်း ရည်ရွယ်နေတာ ဖြစ်ပေမယ့် ယခင် အစိုးရလက်ထက်မှာ အလားတူ ပြောင်းလဲဖို့ ကြိုးစားတဲ့ အလုပ်သမား ဥပဒေသစ်တွေဟာ သပိတ်မှောက်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့က မဲဆွယ်မှု ပြီးဆုံးချိန် ကောက်ယူတဲ့ လူထု သဘောထား စစ်တမ်းတွေ အရကတော့ မစ္စတာ မာခွန်းရဲ့ ပါတီက နောက်တပတ် တနင်္ဂနွေနေ့မှာ ပြုလုပ်မယ့် အပြီးသတ် ပါလီမန်အမတ် ရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရမှာ ဖြစ်ပြီး ယခင် အစိုးရပါတီဖြစ်တဲ့ ဆိုရှယ်လစ်ပါတီကတော့ အများစု ဆုံးရှုံးမယ်လို့ ခန့်မှန်းမှုတွေ ရှိနေပါတယ်။

ဒီရွေးကောက်ပွဲဟာ ပါလီမန်အမတ် နေရာ ၅၇၇ နေရာအတွက် ကျင်းပတာ ဖြစ်ပြီး ပထမအကျော့မှာ မဲ ၅၀ ရာခိုင်နှုန်းကျော် ရတဲ့ အမတ်က ပါလီမန် အမတ် တန်းဖြစ်မှာ ဖြစ်ပေမယ့် အဲဒီလို မရတဲ့ အမတ်လောင်းတွေကတော့ မဲ ၁၂.၅ ရာခိုင်နှုန်း အထက်ရရင် ဒုတိယအကျော့ အပြီးသတ် ရွေးကောက်ပွဲမှာ ထပ် အရွေးခံရမှာ ဖြစ်ပါတယ်။

ပြင်သစ်နိုင်ငံဟာ မစ္စတာ အီမန်နွဲ မာခွန်းကို သမ္မတ အဖြစ် ရွေးချယ်ပြီး ဖြစ်ပေမယ့် လွှတ်တော် အမတ် ရွေးချယ်ပွဲကိုတော့ သီးခြားပြုလုပ်နေကျ နိုင်ငံဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ