ရုရှား အတိုက်အခံ ခေါင်းဆောင်ကို ရက်၃၀ကြာ ထိန်းသိမ်းထားဖို့ ပြစ်ဒဏ် ချမှတ်

  • 13 ဇွန် 2017
ဓာတ်ပုံ မူပိုင် AFP
Image caption Alexei Navalny ဟာ လာမယ့်နှစ် သမ္မတရွေးကောက်ပွဲမှာ ဝင်အရွေးခံဖို့ ရည်ရွယ်ထား

ရုရှားနိုင်ငံမှာ ခွင့်ပြုမိန့်မရှိပဲ လူထုဆန္ဒပြပွဲတွေကို ဦးဆောင် စီစဉ်ခဲ့မှုနဲ့ အတိုက်အခံခေါင်းဆောင် Alexei Navalny ကို ရက်၃၀ကြာ ထိန်းသိမ်း ချုပ်နှောင်ထားဖို့ အာဏာပိုင်တွေက ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။

ရုရှားနိုင်ငံတဝှမ်း အဂတိ လိုက်စားမှု ဆန့်ကျင်တဲ့ တရက်တာ ဆန္ဒပြမှုတွေအတွင်း လူရာပေါင်းများစွာ ထိန်းသိမ်းခံခဲ့ရပါတယ်။

လူထောင်ပေါင်းများစွာ လာရောက် ဆန္ဒပြခဲ့ကြတဲ့ မော်စကိုမြို့တော်နဲ့ St Petersburg မြို့တွေမှာ အကြီးဆုံး ဆန္ဒပြမှုတွေ ဖြစ်ခဲ့ပြီး ဆန္ဒပြသူ အတော်များများက သမ္မတပူတင်ကို ဆန့်ကျင်တဲ့ ကြွေးကြော်သံတွေကို ဟစ်ကြွေးခဲ့ကြပါတယ်။

မစ္စတာ Alexei Navalny ကို မော်စကိုမြို့လယ်က ခွင့်ပြုမိန့်မရပဲ လုပ်တဲ့ ဆန္ဒပြပွဲတခုကို သွားဖို့ အိမ်က အထွက်မှာ ဖမ်းဆီးလိုက်တာပါ။

မော်စကိုမြို့ ဆန္ဒပြပွဲဟာ သွေးထိုးလှုံ့ဆော်မှု ဖြစ်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

ဆန္ဒပြသူတွေဟာ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေလို့ အမေရိကန် အစိုးရက ဆိုပြီး သူတို့ကို ထိန်းသိမ်းခဲ့တာနဲ့ ပတ်သက်လို့ ရှုတ်ချ ပြောဆိုလိုက်ပါတယ်။