ရီပတ်ဘလစ်ကန် လွှတ်တော်အမတ်တွေ အပစ်ခံရ

  • 14 ဇွန် 2017
ဓာတ်ပုံ မူပိုင် FBI / HANDOUT
Image caption ပစ်ခတ်တဲ့ သေနတ်သမား အသေမိ

အမေရိကန် နိုင်ငံ ဝါရှင်တန် ဒီစီ မြို့တော် ဆင်ခြေဖုံးက ဘေ့စ်ဘော ကစားတဲ့ ကွင်းမှာ ရီပတ်ဘလစ်ကန် လွှတ်တော်အမတ်တွေ လေ့ကျင့်နေကြတုန်း ဇွန် ၁၄ ရက် မနက်က သေနတ်သမားက ဝင်ပစ်လို့ ထိခိုက်ဒဏ်ရာရတာတွေ ရှိခဲ့ပါတယ်။

ဗာဂျင်းနီးယား ပြည်နယ် အလက်ဇန္ဒြီးယား မြို့နားက ပန်းခြံတခုထဲ အမတ်တွေ လေ့ကျင့် ကစားနေကြတုန်း ဝင်ပစ်လို့ ၅ ယောက် ဒဏ်ရာရခဲ့တာပါ။

ဒီကနေ့ ကျင်းပမယ့် နှစ်ပတ်လည် ကွန်ဂရက် ဘေ့စ်ဘော ပြိုင်ပွဲ အတွက် ဒီအမတ်တွေ လေ့ကျင့် နေကြတာဖြစ်ပါတယ်။

အမတ်တွေ သာမက သူတို့ လက်ထောက်တွေလည်း ထိခိုက်ဒဏ်ရာရပြီး လက်ထောက် တယောက်ဆိုရင် ရင်ဘတ် အပစ်ခံရတယ်လို့ သိရပါတယ်။

ဒီလို အပစ်မခံရရင် ကွင်းထဲက ထွက်သွားခဲ့တဲ့ တောင်ကယ်ရိုလိုင်းနား အမတ် Jack Bergman က သူတို့ကို လူတယောက်က လာမေးတယ်လို့ ဆိုပါတယ်။

သူတို့ ကားဘက်သွားနေတုန်း လူလတ်ပိုင်း လူဖြူ အမျိုးသား တယောက်က ဒီမှာ ကစားနေတဲ့သူတွေက ရီပတ်ဘလစ်ကန်လား၊ ဒီမိုကရက်လားလို့ မေးတယ်၊ ကျနော်တို့ ရီပတ်ဘလစ်ကန်တွေလို့ ပြန်ပြောတော့ ဒီလူက ကစားကွင်းဘက် ထွက်သွားတယ်လို့ ဆိုပါတယ်။

ဒီရဲတွေသာ ရောက်မလာရင် ဒီမှာ လူသတ်ကွင်း ဖြစ်သွားနိုင်တယ်လို့ အမတ်တွေက ဆိုပါတယ်။

ဒီကွင်းထဲမှာ ဝါရင့်အမတ် မစ္စတာ စတိဗ် စကေလိစ် ရှိနေလို့ လုံခြုံရေးက ရှိနေခဲ့တာပါ။ သူလည်း ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့ပါတယ်။ သူ့ခြေထောက်ကို ကျည်ဆန်ဖောက်သွားပေမယ့် စကေလိစ်က သူ အဆင်ပြေပါတယ်လို့ပဲ ပြောကြောင်း တွေ့တဲ့ အမတ်တွေက ပြန်ပြောပါတယ်။

သေနတ်သမားက ရိုင်ဖယ်ကိုင်လာပြီး ရဲတွေက ပစ္စတိုနဲ့ ပြန်ပစ်ကြတာပါ။

ဒီကွင်းထဲမှာ အမတ် အယောက် ၂ဝ အစိတ်လောက် ရှိနေခဲ့တာပါ။ သူတို့လက်ထဲမှာ ရှိတဲ့ လက်နက်က ဘေ့စ်ဘောရိုက်တဲ့ တုတ်ပဲ ရှိပါတယ်။ ပစ်ခတ်မှုက အနည်းဆုံး ၁ဝ မိနစ်လောက် ကြာပြီး ပစ်တဲ့သူမှာ ကျည်ဆန်တွေ အများကြီး ရှိပြီး သေနတ် အချက် ၅ဝ က ၁ဝဝ လောက် ပစ်ခဲ့တယ်လို့လည်း အမတ်တွေက ပြောပါတယ်။

အနားမှာ ရှိတဲ့ ရဲတွေက သေနတ်သမားကို ၃ မိနစ် အတွင်း ပစ်သတ်နိုင်ခဲ့တာပါ။

ဒီလို ပစ်ခတ်ခံရတာဟာ အမတ်တွေ အားလုံးကို တိုက်ခိုက်တာ ဖြစ်ကြောင်း အမေရိကန် အောက်လွှတ်တော် ဥက္ကဋ္ဌ ပေါလ်ရိုင်ယန်က ဆိုပါတယ်။

ပစ်ခတ်တဲ့ သေနတ်သမား James T Hodgkinson ဟာ အသက် ၆၆ နှစ်ရှိပြီး အီလီနွိုင်းနယ်သားလို့ သိရပါတယ်။ သူ့ဖေ့စ်ဘွတ်မှာ ရီပတ်ဘလစ်ကန်တွေနဲ့ ထရမ့်ကို ဆန့်ကျင်ကြောင်း ရေးသား ထားပါတယ်။ သူဟာ အကြမ်းပတမ်း လုပ်ရပ်တွေ ကျူးလွန်ခဲ့ဖူးတယ်လို့ လည်း သိရပါတယ်။ အရင် ရွေးကောက်ပွဲတုန်းက ဒီမိုကရက် သမ္မတလောင်း ဘန်နီဆန်းဒါးဘက်က မဲဆွယ်ရာမှာ ပါခဲ့ဖူးပါတယ်။

ဒီဖြစ်ရပ်အတွက် အင်မတန်မှ စက်ဆုပ်ပါတယ်လို့ပဲ ဘန်နီဆန်းဒါးက ဆိုပါတယ်။ ဘယ်လို အကြမ်းဖက် တိုက်ခိုက်မှုကို မှ လူ့အဖွဲ့အစည်းက လက်ခံမှာ မဟုတ်ဘူး၊ ရှုတ်ချတယ်လို့ သူက ပြောပါတယ်။