လန်ဒန် အထပ်မြင့်တိုက် မီးလောင်မှု သေဆုံးသူပေါင်း ၁၇ဦး ရှိသွားပြီ

  • 15 ဇွန် 2017
Image caption ၂၄ နာရီကျော် ကြာ လောင်ကျွမ်းခဲ့တဲ့ မီးလောင်မှုရဲ့ အကြောင်းရင်းကို ခုထိ မသိရသေး

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာဖြစ်ခဲ့တဲ့ အထပ်မြင့်တိုက်ကြီး ဆိုးဆိုး ရွားရွား မီးလောင်မှုကြောင့် သေဆုံးသူ ၁၇ ယောက် ရှိသွားပြီဖြစ်ပါတယ်။

အတော်များများ ပျောက်ဆုံး နေပြီး သေဆုံးသူ ဦးရေ နောက်ထပ် တိုးလာနိုင် သေးတယ်လို့ အရာရှိတွေက ပြောပါတယ်။

ပျက်စီး သွားခဲ့တဲ့ တိုက်ကြီးထဲမှာ အလောင်းတွေ ရှာဖွေမှု ပြီးစီးဖို့ရာ သီတင်းပတ် အတော်ကြာနိုင်တယ်လို့ လန်ဒန် မီးသတ်တပ်ဖွဲ့ ကော်မရှင်နာ မင်းကြီး Dany Cotton က ပြောပါတယ်။

မီးသတ်သမားတွေက အနံ့ခံခွေးတွေနဲ့ အတူ ဝင်ရောက်မရှာခင် အဲဒီ အဆောက်အဦကြီး ပြိုမကျအောင် ကျားကန်ပေးဖို့ လိုတယ်လို့ သူက ပြောပါတယ်။

အဲဒီသူတွေကို ကြိုးစား ရှာဖွေနေပြီး ကျန်ရစ်သူ ဆွေမျိုးသားချင်းတွေ ကတော့ အသက်ရှင်လျက် ပြန်တွေ့နိုင်ဖို့ မျှော်လင့်ချက်တွေ ရှိနေဆဲပါ။

လောလောဆယ်မှာ အထူး လေ့ကျင့် သင်ကြားပေးထားတဲ့ အနံ့ခံ ခွေး တွေကို တိုက်အတွင်းကို စေလွှတ်ပြီး ပျောက်ဆုံးနေသူတွေကို ရှာဖွေ နေကြပါတယ်။

ဗြိတိန် ဘုရင်မကြီးကလည်း ပျောက်ဆုံးသူတွေနဲ့ ကျန်ရစ်သူ မိသားစု တွေ အတွက် ဆုတောင်း ပေးကြောင်း ပြောကြား ခဲ့ပါတယ်။

ဝန်ကြီးချုပ် ထရီစာ မေ လည်း မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ Grenfell တိုက်မြင့်ကြီးဆီကို လာရောက် ကြည့်ရှု ခဲ့ပြီး စုံစမ်း စစ်ဆေးမှုတွေ လုပ်ဖို့ ကတိပေး ခဲ့ပါတယ်။

အထူးသဖြင့် ၂၄ ထပ် အမြင့် ရှိတဲ့ အဆောက်အအုံ ကြီး လျင်လျင် မြန်မြန် မီးကူးစက် လောင် ကျွမ်း ရတဲ့ အကြောင်းရင်း ကို ရှာဖွေ မယ်လို့ မစ္စက် မေ က ကတိပေး သွားပါတယ်။

၂၄ နာရီကျော် ကြာမြင့်အောင် Grenfell တိုက်မြင့်ကြီး မီးလောင် ကျွမ်းခဲ့ရတဲ့ အကြောင်းရင်းကိုတော့ အခုထိ မသိရသေးပါဘူး။

ဒါပေမယ့် ပြီးခဲ့တဲ့ နှစ်တုန်းက Grenfell တိုက်မြင့်ကြီးကို ပြန်လည် ပြင်ဆင်မှု လုပ်တဲ့အချိန်မှာ တိုက်ရဲ့ အတွင်းနံရံတွေမှာ အသုံးပြုတဲ့ ပစ္စည်း တွေကြောင့် မီးကူးစက်မှု မြန်ခဲ့တာ ဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။

အတွင်းနံရံတွေမှာ တပ်ဆင် အသုံးပြုတဲ့ ပစ္စည်းတွေက ပေါ်လီသိုင်း ဒါမှ မဟုတ် ပလတ်စတစ် အကာအရံတွေကို အသုံးပြု ခဲ့တာကြောင့် မီးလောင် ကျွမ်းမှုကို မြင့်မားစေခဲ့တာပါ။

၂၀၁၆ ခုနှစ်တုန်း က အဲဒီ တိုက်ကြီးကို ပြန်လည် ပြင်ဆင်မှု လုပ်တဲ့ အချိန်တုန်း က နံရံတွေမှာ အသုံးပြုဖို့ ဆောက်လုပ်ရေး ပစ္စည်းတွေက ရေနိုဘွန်း တံဆိပ်တွေ ဖြစ်ပါတယ်။

အဲဒီတုန်းက နံရံကာရာမှာ သတ္တု အူတိုင် ကို သုံးမလား၊ ဒါမှမဟုတ် ပလတ် စတစ် အူတိုင်ကို သုံးမလား ဆိုတာကို ကုမ္ပဏီဘက် မေးမြန်း ခဲ့တယ်လို့ ပြောပါတယ်။

Grenfell တိုက်မြင့် ကြီးကို ပြန်လည် မွမ်းမံဖို့ တာဝန်ယူခဲ့တဲ့ Rydon ကုမ္ပဏီဘက် က ပလတ်စတစ် အလယ်အူတိုင်တွေကို အသုံးပြု ခဲ့တယ်လို့ ယူဆရပါတယ်။

Rydon ကုမ္ပဏီ ကတော့ မီးလောင် ကျွမ်းမှု ဖြစ်ပွား ခဲ့တဲ့ အကြောင်းရင်း ကို စုံစမ်း မယ်လို့ ပြောပါတယ်။

အခုအချိန် အထိတော့ မီးလောင်မှု ဖြစ်ပွားခဲ့ရတဲ့ အကြောင်းနဲ့ နံရံတွေ အသုံးပြုခဲ့မှု ဆက်စပ်လို့ မရသေးဘူးလို့ ပြောကြား ခဲ့ပါတယ်။

အဲဒီ တိုက် မှာ နေထိုင် ခဲ့ကြ သူတွေ က တော့ တိုက်မြင့်ကြီးဟာ မီးလောင်ဖို့ လွယ်ကူတဲ့ အတွက် တာဝန်ရှိသူတွေကို အကြိမ်ကြိမ် သတိပေးခဲ့တယ်လို့ ပြောကြပါတယ်။

မြို့နယ် ကောင်စီ တာဝန်ရှိသူတွေက တိုက်မှာ နေထိုင်သူတွေရဲ့ သတိပေး ချက်တွေကို လျစ်လျူရှုပြီး မီးလောင်ကျွမ်းနိုင်တဲ့ အန္တရာယ် ရှိမရှိ စစ်ဆေး ဖို့ ပျက်ကွက်ခဲ့သလား ဆိုတဲ့ မေးခွန်း တွေလည်း ထွက်ပေါ် နေပါတယ်။