ဝမ်းဘီးယား ဦးနှောက်ကျုံ့ရောဂါ ခံစားနေရ

  • 15 ဇွန် 2017
ဓာတ်ပုံ မူပိုင် Reuters
Image caption ဘာကြောင့် အာရုံကြော ထိခိုက်ရတယ် ဆိုတာ သေချာ မပြောနိုင်

အင်္ဂါနေ့က မြောက်ကိုရီးယား အကျဉ်းထောင်က ပြန်လွှတ်လိုက်တဲ့ အမေရိကန် ကျောင်းသား အော်တို ဝမ်းဘီးယား မှာ ဦးနှောက် ကြွက်သား ကျုံ့တဲ့ ရောဂါ ခံစားနေရပြီး သတိမေ့မျော နေဆဲ ဖြစ်တယ်လို့ သူ့ကို ကုသပေးနေတဲ့ ဆရာဝန်တွေက ပြောကြား ပါတယ်။

သူ့ ဦးနှောက် အစိတ်အပိုင်း အားလုံးက ကြွက်သားတွေ အများကြီး ကျုံ့ဝင်သွားတယ်၊ ဘာကြောင့် ဒီလို အာရုံကြော ထိခိုက်ရတယ် ဆိုတာ သေချာ မပြောနိုင်ပါဘူး၊ ဒါဟာ နှလုံးလှုပ်ရှားမှု မရှိလို့ ဦးနှောက် ကို သွေးမရောက်တော့တဲ့ အနေအထားမျိုးမှာပဲ တွေ့ရလေ့ ရှိတယ်လို့ ဒေါက်တာ Daniel Kantor က ဆိုပါတယ်။

လူနာ အခြေအနေအရ မစ္စတာ ဝမ်းဘီးယား အကောင်း ပကတိ ပြန်နလန်ထူ လာလိမ့်မယ်လို့တော့ စင်စင်နတီ တက္ကသိုလ် ဆေးကုဌာန က မပြောကြား ခဲ့ပါဘူး။

သူ ဘာကြောင့် ခုလို ကိုမာ ဝင်ပြီး သတိမေ့နေတယ် ဆိုတာ မသိရပေမယ့် မြောက်ကိုရီးယား ဘက်က ပြောသလို ဘော့ကျူလိုင်နမ် ဘက်တီးရီးယား ပိုးကြောင့် အဆိပ်သင့်ပြီး ကြွက်သားတွေ တုံ့ဆိုင်းကုန်တဲ့ လက္ခဏာ မရှိဘူး လို့ပဲ အမေရိကန် ဆရာဝန် တွေက ပြောပါတယ်။

မြောက်ကိုရီးယားက လူလူချင်း စာနာတဲ့ အနေနဲ့ သူ့ကို စောပြီး ပြန်လွှတ်ပေးတာ ဖြစ်ပါတယ်၊ ဒါပေမဲ့ သူတို့ ပြောသမျှကို ဘာမှ မယုံဘူးလို့ပဲ ဝမ်းဘီးယား ရဲ့ ဖခင်က ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ