လန်ဒန်မီးဘေး ဒုက္ခသည်တွေက ဝန်ကြီးချုပ်နှုတ်ထွက်ဖို့ တောင်းဆို

  • 17 ဇွန် 2017
ဓာတ်ပုံ မူပိုင် FACUNDO ARRIZABALAGA
Image caption မီးဘေးဒဏ်ခံခဲ့ရသူတွေက တရားမျှတမှုကို တောင်းဆို

လန်ဒန်မြို့လယ်က ဂရင်းဖဲလ်တာဝါ အထပ်မြင့်အဆောက်အဦကြီး မီးလောင်ပျက်စီးသွားခဲ့ရတဲ့ ဖြစ်ရပ်က ဝန်ကြီးချုပ် ထရီဆာမေရဲ့ ကုလားထိုင်ကိုတောင် လှုပ်ခါလာခဲ့ပြီ ဖြစ်ပါတယ်။

ဒေါသထွက်နေတဲ့ လူအုပ်ကြီးဟာ သောကြာနေ့ ညနေပိုင်းမှာပဲ အဆောက်အဦရှိရာ ကင်ဆင်တန်မြို့နယ်ကောင်စီရုံးကို လာဝိုင်းကြပြီး ဆန္ဒပြခဲ့ကြပါတယ်။ တရားမျှတမှုလိုချင်တယ်လို့ ဆိုင်းဘုတ်ကိုင်ထားသူတွေနဲ့ အတူ ဝန်ကြီးချုပ် မစ္စက်မေ နှုတ်ထွက် ပေးဖို့ တောင်းဆိုသူတွေလည်း ရှိပါတယ်။

သူတို့က အစိုးရရဲ့ ကိုင်တွယ်ပုံတွေကို မကြေနပ် ကြတာပါ။ အခုအထိ သေဆုံးသူ အရေအတွက်ကိုလည်း အတိအကျမပြောနိုင်၊ ပျောက်နေသူတွေရဲ့ ကံကြမ္မာကိုလည်း မသိကြရတဲ့အတွက် ဝမ်းနည်းစိတ်ပျက်မှုတွေက ဒေါသအဖြစ် ပြောင်းကုန်ကြတာပါ။

နောက်တစ်ခါ ဒီအဆောက်အဦမှာ မီးဘေးအန္တရာယ်ရှိနေပါတယ်လို့ နေထိုင်သူတွေက ပြီးခဲ့တဲ့ နှစ်ပိုင်းလောက်ကတည်းက သတိပေးနေတဲ့ ကြားက ဘာမှ မဆောင်ရွက်ခဲ့တဲ့ တာဝန်ရှိသူတွေကိုလည်း အရေးယူစေချင်နေကြတာ ဖြစ်ပါတယ်။ အခုလောလောဆယ်အထိ အတည်ပြုနိုင်တဲ့ သေဆုံးသူ အယောက် ၃၀ ရှိပြီလို့ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။

ပျောက်နေသေးတယ်လို့ ယူဆရသူက အယောက် ၇၀ လောက်ရှိနေပါသေးတယ်။ လန်ဒန်မြို့ပြရဲတပ်ဖွဲ့က ရဲမင်းကြီး စတူးဝပ် ကန်ဒီကတော့ ရှာဖွေရေးတွေကို ကြိုးကြိုးစားစား လုပ်နေပါတယ်လို့ ပြောပါတယ်။

အဆောက်အဦက စိတ်မချရသေးတဲ့အတွက် မီးသတ်နဲ့ ရဲက ကျွမ်းကျင်သူတွေက အချိန်ယူပြီး ရှာနေရပါတယ်။ အထဲမှာ ရှိနေတဲ့ ရုပ်အလောင်းတစ်ခု မကျန် ရအောင်ထုတ်ယူပေးမှာပါလို့ သူက ကတိပြုသွားပါတယ်။

သောကြာနေ့မှာပဲ ဘုရင်မကြီးနဲ့ မင်းသားဝီလျံတို့လည်း မီးဘေးဒုက္ခသည်တွေကို လာတွေ့ပြီး အားပေးစကားပြောခဲ့ပါတယ်။

လူတွေရဲ့ ဒေါသက အခုတော့ ဝန်ကြီးချုပ် ထရီဆာမေဆီ ရောက်သွားပါပြီ။ သူဟာ ပထမတစ်ရက်က တော့ ဒုက္ခသည်တွေနဲ့ မတွေ့ပဲ ကယ်ဆယ်ရေးဝန်ထမ်းတွေနဲ့ ပဲ တွေ့သွားလို့ လူတွေက ပိုဒေါသဖြစ်ကြတာပါ။သောကြာနေ့မှာတော့ သူက ဘုရားရှိခိုးကျောင်းတစ်ခုထဲမှာ ရှိနေတဲ့ ဒုက္ခသည်တွေ လုပ်အားပေးတွေကို လာအတွေ့မှာ သူရောက်နေမှန်းသိသွားတဲ့ လူတွေက ဝိုင်းလာဆန္ဒပြကြလို့ ဘေးပေါက်က ပြန်ခေါ်ထုတ်သွားရပါတယ်။

မစ္စက်မေကတော့ သူ့အစိုးရအနေနဲ့ တတ်နိုင်သမှ ကူညီဖို့ စိတ်ပိုင်းဖြတ်ထားတယ်လို့ ပြောပါတယ်။

အစိုးရအနေနဲ့ ပေါင်ငါးသန်းထောက်ပံ့မယ် ဘာကြောင့်ဖြစ်ရသလဲဆိုတာ စုံစမ်းစစ်ဆေး အဖြေထုတ်သွားမည်လို့ ပြောပါတယ်။

အခုမီးလောင်တဲ့ ကိစ္စဟာ ဝမ်းနည်း ကြေကွဲစရာ ဖြစ်ရပ်ပါ။ ပြီးခဲ့တဲ့ အပတ်ကမှ ရွေးကောက်ပွဲမှာ ထင်ကြေးမကိုက်ခဲ့တဲ့ မစ္စက်မေတစ်ယောက် လူထုရဲ့ ဒေါသကို ပြေပျောက်စေဖို့ တော်တော်လေး ကြိုးစားလုပ်ပြရမှာ ဖြစ်ပါတယ်။ မလုပ်နိုင်ရင်တော့ သူ့ဝန်ကြီးချုပ်သက်တမ်းဟာ အရှုံးနဲ့ အဆုံးသတ်ကောင်းသတ်သွားနိုင်တယ်လို့ ဘီဘီစီရဲ့ ဒုတိယနိုင်ငံရေးအယ်ဒီတာ ဂျွန်ပီနာက သုံးသပ်ခဲ့ပါတယ်။