ကုန်တင်သင်္ဘောနဲ့ တိုက်မိတဲ့ ကန်စစ်သင်္ဘောက ရေတပ်သား ၇ ဦးပျောက်နေ

  • 17 ဇွန် 2017
ဓာတ်ပုံ မူပိုင် AFP/Getty Images
Image caption ဖျက်သင်္ဘောကို ကြီးကြပ်သူ အရာရှိအပါအဝင် တခြား လူ ၂ ဦးလည်း ဒီဖြစ်စဉ်မှာ ဒဏ်ရာရခဲ့

ဂျပန်ဆိပ်ကမ်းမြို့ဖြစ်တဲ့ ယိုကိုဆူကာမြို့နားမှာ ကုန်တင်သင်္ဘောကြီးတစင်းနဲ့ တိုက်မိခဲ့တဲ့ အမေရိကန် ဖျက်သင်္ဘောကို ဂျပန်ဆိပ်ကမ်းကို ပြန်လည် ဆွဲယူနိုင်ခဲ့ပြီး ပျောက်ဆုံးနေတဲ့ အမေရိကန် ရေတပ်သား ၇ ဦးကိုလည်း ဆက်လက် ရှာဖွေနေဆဲ ဖြစ်ပါတယ်။

အဲဒီသင်္ဘောသား ၇ ဦးဟာ သင်္ဘောချင်းတိုက်မိချိန်မှာ ရေမဝင်အောင် ပိတ်လိုက်ထဲ သင်္ဘော ဝမ်းဗိုက်ထဲက အခန်းတွေထဲမှာ ကျန်နေတာ ဖြစ်နိုင်တယ်လို့လည်း ယူဆမှုတွေ ရှိနေပါတယ်။

ယူအက်စ်အက်စ် ဖစ်ဂျရယ်လို့ အမည်ရတဲ့ အဲဒီ ဖျက်သင်္ဘောကို ကြီးကြပ်သူ အရာရှိအပါအဝင် တခြား လူ ၂ ဦးလည်း ဒီဖြစ်စဉ်မှာ ဒဏ်ရာရခဲ့ကြပြီး ဂျပန်နိုင်ငံက သူတို့ကို ရဟတ်ယာဉ်နဲ့ ဆေးရုံပို့ပေးခဲ့ရပါတယ်။

မှတ်တမ်းတွေ အရတော့ အဲဒီကုန်တင် သင်္ဘောကြီးဟာ တိုက်ခါနီး နာရီဝက်လောက် အလိုမှာ ရုတ်တရက် နောက်ပြန်လှည့်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

အခုလို အမေရိကန် စစ်သင်္ဘောနဲ့ တိုက်မိခဲ့တဲ့ ကုန်တင် သင်္ဘောဟာ ဖိလစ်ပိုင်အလံ လွှင့်ထူထားပြီး မီတာ ၂၂၀ ရှည်တဲ့ သင်္ဘောကြီးဖြစ်ပါတယ်။