ပေါ်တူဂီမှာ တောမီးကြောင့် သေဆုံးသူ ၆၂ ဦး ရှိပြီ

  • 18 ဇွန် 2017
ဓာတ်ပုံ မူပိုင် Reuters
Image caption တချို့ဟာ ဒီဒေသက သစ်ပင်ထူထပ်တဲ့ တောတွင်း ကားလမ်းမှာ ပိတ်မိပြီး ကားထဲမှာပဲ မီးလောင် သေဆုံးခဲ့ရ

ပေါ်တူဂီနိုင်ငံ ပေဒရော့ဂိုး ဂရန်းဒေး ဒေသမှာ တောမီးလောင်မှုကြောင့် သေဆုံးသူ ၆၂ ယောက် ထက်မနည်း ရှိသွားပြီ ဖြစ်ပြီး ဒဏ်ရာရသူတွေလည်း ဒါဇင်နဲ့ ချီပြီး ရှိခဲ့ပါတယ်။

အခုလို သေဆုံးရသူတွေထဲက တချို့ဟာ ဒီဒေသက သစ်ပင်ထူထပ်တဲ့ တောတွင်း ကားလမ်းမှာ ပိတ်မိပြီး ကားထဲမှာပဲ မီးလောင် သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။

အခုလို မီးလောင်မှုနဲ့ ပတ်သက်ပြီး အဲဒီဒေသမှာ နေထိုင်တဲ့ မျက်မြင် သက်သေတဦးက

'နေ့လည် ၂ နာရီ ခွဲလောက်က စလိုက်တဲ့ မီးဟာ လေကလည်း အရမ်းတိုက်နေတော့ မီးမုန်တိုင်း တိုက်သလို ဖြစ်သွားပြီး ရွာတွေ မီးလောင်ကုန်တာပါ။

ကျမနဲ့ သိတဲ့သူ တော်တော်များများ မီးထဲ ပါသွားကြတယ်။ တကယ့်ကို မကြုံစဖူးပါပဲ' လို့ ပြောဆိုခဲ့ပါတယ်။

အရပ်မျက်နှာ အသီးသီးကို ပြန့်နှံ့လာတဲ့ အဲဒီတောမီးကို မီးသတ်သမား ရာနဲ့ချီသုံးပြီး ငြှိမ်းသတ်ခဲ့ရတာ ဖြစ်ပြီး မိုးကြိုးပစ်ရာကနေ စပြီး မီးလောင်တယ်လို့ ယူဆထားကြောင်း ပေါ်တူဂီ ဝန်ကြီးချုပ် အန်တိုနီယို ကော့စတာက ပြောပါတယ်။

အခုလို မီးလောင်မှုဟာ ပေါ်တူဂီနိုင်ငံအတွက် လွန်ခဲ့တဲ့ နှစ်အနည်းငယ် အတွင်း အဆိုးဝါးဆုံး အဖြစ်အပျက် ဖြစ်တဲ့အတွက် ပေါ်တူဂီ ဝန်ကြီးချုပ်က ဝမ်းနည်းကြေကွဲခြင်း ကာလ သုံးရက် သတ်မှတ်ခဲ့ပါတယ်။

လက်ရှိ အခြေအနေမှာတော့ ဥရောပသမဂ္ဂနဲ့ စပိန်၊ ပြင်သစ်တို့ တနိုင်ငံချင်းစီက အကူအညီပေးနေပြီး မီးသတ်ရဟတ်ယာဉ်တွေလည်း ထောက်ပံ့ပေးထားတယ်လို့ သိရပါတယ်။

ပေါ်တူဂီနိုင်ငံမှာ နွေရာသီ တောမီးလောင်တာဟာ ဖြစ်ပွားနေကျ ဖြစ်ပေမယ့် အခုလို လူပေါင်းများစွာ အသက် ဆုံရှုံးရတာကတော့ မကြုံစဖူး ဖြစ်ရပ် ဖြစ်ပါတယ်။