ဂရန်ဖဲလ် မီး က လျစ်လျူ ရှုမှုကြောင့်လို့ လန်ဒန်မြို့တော်ဝန် ဝေဖန်

  • 19 ဇွန် 2017
ဓာတ်ပုံ မူပိုင် JASON HAWKES
Image caption သေဆုံး ခဲ့ရသူ ၅၈ ဦး ရှိပြီလို့ ယုံကြည် ရ

လန်ဒန် မြို့က ဂရန်ဖဲလ် အထပ်မြင့် အဆောက်အုံကြီး မီးလောင် ကျွမ်းရတဲ့ အဓိက အကြောင်းရင်း က အစိုးရ နဲ့ ကောင်စီ တာဝန် ရှိသူ တွေရဲ့ နှစ်ကာလ ကြာမြင့်စွာ လျစ်လျူရှု မှုကြောင့်လို့ မြို့တော်ဝန် ဆာဒစ် ခန်း က ပြောကြား လိုက် ပါတယ်။

အဲဒီ အဆောက်အအုံ မီးလောင်မှု က တစ်နိုင်ငံလုံး အတိုင်း အတာနဲ့ ဒုက္ခ ဆိုးကြီးကို ကြုံတွေ့ခဲ့ရတာ ဖြစ်ပြီး တစ်နိုင်ငံလုံး က အရေးပေါ် တုန့်ပြန်ဖို့ လိုတယ် လို့လည်း သေဆုံး ခဲ့ရသူတွေ အတွက် ဝတ်ပြု ဆုတောင်း ပွဲမှာ လန်ဒန် မြို့တော်ဝန်က ပြောကြား လိုက်ပါတယ်။

ဂရန်ဖဲလ် အထပ်မြင့် အဆောက်အအုံ မီးလောင်မှု ကြောင့် သေဆုံး ခဲ့ရသူ ၅၈ ဦး ရှိပြီလို့ ယုံကြည် ရပါတယ်။ အဲဒီ မီးလောင်မှု အတွင်းမှာ လူ ၇၀ ခန့် သေဆုံး ကြောင်း ဘီဘီစီ အနေနဲ့ နားလည် ထားပါတယ်။

လက်တလော အချိန်မှာ ဆေးရုံ မှာ လူ ၁၈ ဦးကို ကုသ နေရဆဲပါ၊ အဲဒီ အထဲ က မှ လူ ၉ ယောက်ဟာ အခြေအနေ ဆိုးရွားတယ်လို့ အမျိုးသား ကျန်းမာရေး ဌာန တာဝန် ရှိသူ တွေက ပြောပါတယ်။

မီးလောင်မှု ဖြစ်ပွား ခဲ့ရာ မြို့နယ် က ကန်ဆင်တန် နဲ့ ချယ်လ်ဆီး ကောင်စီ ဟာ မီးဘေး သင့် သူတွေကို အထောက် အပံ့ အနည်းငယ် သာ ပေးခဲ့တယ် လို့လည်း အသက်ရှင် ကျန်ရစ် သူတွေက ပြောကြား နေပါတယ်။