လန်ဒန် မြောက်ပိုင်း အကြမ်းဖက်မှု တယောက်သေ ၁၀ယောက် ဒဏ်ရာရ

  • 19 ဇွန် 2017
Image caption လန်ဒန်မြောက်ပိုင်း အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်ခဲ့တဲ့နေရာ

လန်ဒန်မြောက်ပိုင်း ဗလီကနေ ဝတ်ပြုပြန်လာသူတွေကို ဗင်ကားတစီးနဲ့ ဝင် တိုက်ခိုက်ခဲ့တဲ့ဖြစ်ရပ်ကို ဝန်ကြီးချုပ် ထရီစာမေ၊ အတိုက်အခံ လေဘာပါတီခေါင်းဆောင်နဲ့ လန်ဒန်မြို့တော်ဝန်တို့က ရှုတ်ချခဲ့ပါတယ်။

အခုအခါ အသက်၄၈အရွယ်ရှိ ယာဉ်မောင်းကို လူသတ်ဖို့ကြိုးစားမှုနဲ့ ဖမ်းဆီးအရေးယူထားပါတယ်။

ဝန်ကြီးချုပ် ထရီစာမေက ကိုဘရာလို့ခေါ်တဲ့ လုံခြုံရေးဆိုင်ရာ အရေးပေါ် အစည်းအဝေးကျင်းပပြီးတဲ့နောက် အခုတိုက်ခိုက်မှုမှာ ဗင်ကားမောင်းသူ တယောက်ထဲ လုပ်တာဖြစ်ပြီး ဒီလိုဆိုးဝါးတဲ့ အမုန်းတရားကို အခြေခံတဲ့လုပ်ရပ်က ဘယ်တော့မှ အောင်မြင်မှာမဟုတ်ဘူးလို့ ရှုတ်ချ ပြောဆိုလိုက်ပါတယ်။

အဲဒီဗလီအနီးမှာရှိတဲ့ မျက်မြင်သက်သေ တွေကတော့ ဗင်ကားမောင်းသူက ထွက်ပြေးဖို့ကြိုးစားရင် မွတ်စလင်အားလုံးကိုသတ်ချင်တယ်လို့ အော်ဟစ်ခဲ့ကြောင်း ပြောပါတယ်။

ဗြိတိန်ရှိ မွတ်စလင်ကောင်စီကတော့ အစ္စလမ်ဆန့်ကျင် မုန်းတီးရေး လုပ်ရပ်တွေမှာ အခု နောက်ဆုံးတိုက်ခိုက်မှုက အဆိုးဝါးဆုံးလို့ပြောပါတယ်။

ဒါ့အပြင် ရာမဒန်ဖေါင်ဒေးရှင်းလို့ခေါ်တဲ့ မွတ်စလင်အစွန်းရောက်မှုဆန့်ကျင်တဲ့ ပရဟိတအကြီးအကဲ မိုဟာမက် ရှာကစ်က အစ္စလမ် မုန်းတီးဆန့်ကျင်မှုပိုများလာတယ်လို့ ဆိုပါတယ်။

ဝက်စ်မင်စတာ တံတား ၊ မန်ချက်စတာ မြို့က ဂီတပွဲရုံနဲ့ လန်ဒန် တံတား အကြမ်းဖက်တိုက်ခိုက်မှုတွေဖြစ်ပြီး အခုတကြိမ်ဟာ ၄လအတွင်း၄ကြိမ်မြောက်ဖြစ်ပါတယ်။

အခုဖြစ်ပွားတဲ့နေရာဟာ မတူတဲ့ယဉ်ကျေးမှုအမျိုးမျိုးရှိတဲ့နေရာလို့ ဒေသခံတွေကပြောပါတယ်။

အခုတော့ လန်ဒန်မှာ နောက်ထပ်တိုက်ခိုက်မှု အတွင်း ရဲတွေ လုံခြုံရေးယူထားတာကိုကြည့်ရင်း ရပ်ကွက်မှာ နေသူတွေဟာ အရင်လိုဂုဏ်ယူမှုအစား တုန်လှုပ် ခြောက်ခြားနေကြပါတယ်။