ပြင်သစ် ပါလီမန်ရွေးကောက်ပွဲ သမ္မတ Macron ရဲ့ ပါတီ အပြတ်အသတ်နိုင်

  • 19 ဇွန် 2017
ဓာတ်ပုံ မူပိုင် EPA
Image caption ပြင်သစ် သမ္မတ Macron မဲလာရောက် ပေးခဲ့စဉ်

ပြင်သစ်နိုင်ငံမှာ ကျင်းပခဲ့တဲ့ ပါလီမန် ရွေးကောက်ပွဲမှာ သမ္မတ Emmanuel Macron ရဲ့ ပါတီက အမတ်နေရာ အများစုကို အနိုင်ရခဲ့တယ်လို့ မဲပေးပြီး ထွက်လာသူတွေကို ကောက်ယူခဲ့တဲ့ စစ်တမ်းတွေ အရ သိရပါတယ်။

သမ္မတ Macron ရဲ့ La Republique en Marche ပါတီက သူ့ရဲ့ မဟာမိတ် MoDem ပါတီနဲ့အတူ ပါလီမန်မှာ အမတ်နေရာ ၅၇၇နေရာ ထဲက အနည်းဆုံး ၃၅၅နေရာ အနိုင်ရထားတယ်လို့ စစ်တမ်းတွေက ဆိုပါတယ်။

ဒါဟာ ပါလီမန်မှာ အမတ်နေရာ အများစုအတွက် သတ်မှတ်ထားတဲ့ ၂၈၉နေရာ ထက် အများကြီး ပိုများနေပါတယ်။

ပြီးခဲ့တဲ့ ၅နှစ်တာကာလ အာဏာ စွဲကိုင်ခဲ့တဲ့ ဆိုရှယ်လစ်ပါတီ ကတော့ သူ့ရဲ့ မဟာမိတ်ပါတီတွေနဲ့ ပေါင်းမှ အမတ်နေရာ ၄၁နေရာနဲ့ ၄၉နေရာအတွင်းသာ ရမယ်လို့ ခန့်မှန်းထားပါတယ်။

ဒါဟာ သူတို့အတွက် စံချိန်တင်ရလောက်အောင် အနည်းဆုံး ရလဒ် ဖြစ်ပြီး ဆိုရှယ်လစ်ပါတီခေါင်းဆောင် Jean-Christophe Cambadelis က ပါတီခေါင်းဆောင် အဖြစ်ကနေ နှုတ်ထွက်ကြောင်း ကြေညာခဲ့ပါတယ်။

လက်ျာစွန်း National Front ပါတီ ကတော့ အမတ်နေရာ ၁၅နေရာလောက် မှန်းထားပေမယ့် အနည်းဆုံး အမတ်နေရာ ၆နေရာ ရမယ်လို့ ယူဆရခဲ့ပြီး ပါတီခေါင်းဆောင် Marine Le Pen ဟာလည်း နိုင်ငံ မြောက်ပိုင်း မိုင်းလုပ်ငန်းဟောင်း မြို့ ဖြစ်တဲ့ Henin Beaumont မြို့ရဲ့ အမတ်နေရာအတွက် အရွေးခံခဲ့ရပါတယ်။

ရီပတ်ဘလီကန် ပါတီကတော့ အမတ်နေရာ ဒုတိယ အများဆုံး ရထားတယ်လို့ သိရပါတယ်။

ပြင်သစ် ပြည်သူတွေက နိုင်ငံခေါင်းဆောင်သစ် သမ္မတ Macron အပေါ် အာရုံစိုက်နေကြပြီး သူ့ကို မဲပေးခဲ့သူတွေထက်ကိုတောင် ပြည်သူ အတော်များများက သူ့အရည်အသွေးကို သဘောကျနေကြပါတယ်။

သမ္မတ Macron ရဲ့ ပါတီဟာ လွန်ခဲ့တဲ့ တနှစ်ကျော်လောက်ကမှ ဖွဲ့ခဲ့တာ ဖြစ်ပြီး အမတ်လောင်း အသစ် တဝက်လောက်ဟာ နိုင်ငံရေး အတွေ့အကြုံ အနည်းအပါးလောက်သာ ရှိပြီး တချို့ဆို လုံးဝ မရှိကြပါဘူး။

ပြင်သစ်နိုင်ငံသမိုင်းမှာ ပါလီမန် အမတ်နေရာ အများစု အနိုင်ရထားပေမယ့် အဲဒီ အမတ်တွေက နိုင်ငံ့ခေါင်းဆောင် ပုဂ္ဂိုလ်ကိုပဲ မှီခို အားကိုးရမယ့် အဖြစ်မျိုးဟာ ၁၉၅၈ခုနှစ် Charles de Gaulle လက်ထက်ကလွဲလို့ တခါမှ မကြုံရသေးဘူးလို့ ပဲရစ်မြို့က ဘီဘီစီ သတင်းထောက် Hugh Schofield က သတင်းပေးပို့ထားပါတယ်။