ပြင်သစ်မှာ ကားတစ်စီး က ရဲကားကို တမင်ဝင်တိုက် ဖျက်ဆီး

  • 20 ဇွန် 2017
ဓာတ်ပုံ မူပိုင် EPA
Image caption ကားမောင်းတဲ့ လူက အကြမ်းဖက် တိုက်ခိုက်မှုတွေ လုပ်ဖို့ သံသယ ရှိတဲ့ အတွက် ရဲတပ်ဖွဲ့ရဲ့ စောင့်ကြည့်ခြင်းကို ခံရနေသူလည်း ဖြစ်

ပြင်သစ် နိုင်ငံက နာမည်ကျော် ရှောင်ဇေ လီဇေ လမ်းမကြီးပေါ်မှာ ကင်းလှည့် နေတဲ့ ရဲ ကား ကို အိမ်စီးကား တစ်စီး က ဝင်တိုက်ခဲ့မှု ဇွန်လ ၁၉ ရက်နေ့ ညနေပိုင်းက ဖြစ်ပွား ခဲ့ပြီးနောက်မှာ အကြမ်းဖက် တိုက်ခိုက်မှု အဖြစ် စစ်ဆေး နေကြောင်း ရဲ တပ်ဖွဲ့ က ပြောပါတယ်။

ကားမောင်းတဲ့ လူက အကြမ်းဖက် တိုက်ခိုက်မှုတွေ လုပ်ဖို့ သံသယ ရှိတဲ့ အတွက် ရဲတပ်ဖွဲ့ရဲ့ စောင့်ကြည့်ခြင်းကို ခံရနေသူလည်း ဖြစ်ပါတယ်။ လောလောဆယ် အချိန်အထိတော့ ကောင်းမောင်းသူ ဘယ်သူ ဘယ်ဝါ ဆိုတာကို ထုတ်ပြန်ခြင်း မရှိသေးပါဘူး။

အဲဒီကား ဟာ ကင်းလှည့် ရဲ ကား ကို ဝင်တိုက်ပြီးတဲ့ နောက်မှာ မီးလောင် မှု ဖြစ်ပေါ် ခဲ့ပါတယ်။ အဲဒီ့ အတွက် ကားထဲမှာ ပေါက်ကွဲ စေနိုင်တဲ့ ပစ္စည်းတွေ တပ်ဆင် ထားသလား ဆိုတာကို စစ်ဆေး နေတယ်လို့ ရဲ တပ်ဖွဲ့ က ပြောပါတယ်။

ရဲကား ကို ဝင်တိုက်ခဲ့တဲ့ သူက အခင်း ဖြစ်ပွား တဲ့ နေရာမှာတင် ပွဲချင်းပြီး သေဆုံး ခဲ့ပြီး အခြားလူတွေကိုတော့ ထိခိုက် မိခဲ့ခြင်း မရှိဘူးလို့ ပြည်ထဲရေး ဝန်ကြီး က ပြောပါတယ်။

ဒါ့အပြင် အဲဒီ ကားထဲ ကနေ ရိုင်ဖယ် သေနတ် တစ်လက်၊ ကျည်ဆံ တွေ အပြင် ဂတ်စ်အိုး တစ်ခု ကိုလည်း ရှာဖွေ တွေ့ ရှိခဲ့ရကြောင်း ပြည်ထဲရေး ဝန်ကြီး က ပြောကြား ခဲ့ပါတယ်။

အဲဒီ နေရာနားကို ဗုံးရှင်းလင်းရေး အဖွဲ့တွေလည်း လာရောက် ခဲ့ပြီး ကားကို ရှင်းလင်း မှုတွေ လုပ်ခဲ့ရပါတယ်။ အခုအချိန်မှာတော့ ပေါက်ကွဲ စေနိုင်တဲ့ အန္တရာယ် ကနေ ကင်းရှင်း ခဲ့ပြီလို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ပြင်သစ် နိုင်ငံမှာ လွန်ခဲ့တဲ့ လတွေ က ဖြစ်ပွား ခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက် မှုတွေ ကြောင့် တစ်နိုင်ငံလုံး အတိုင်းအတာ အနေနဲ့ အရေးပေါ် အခြေအနေ ကြေညာ ထားရဆဲ ဖြစ်ပါတယ်။