မြောက်ကိုရီးယားကနေ ပြန်လွတ်လာတဲ့ အမေရိကန် ကျောင်းသား ကွယ်လွန်

  • 20 ဇွန် 2017
ဓာတ်ပုံ မူပိုင် Reuters
Image caption မြောက်ကိုရီးယား အစိုးရ အမှတ်တံဆိပ် ခိုးမိကြောင်း Otto Warmbier ထုတ်ဖော် ဝန်ခံခဲ့

မြောက်ကိုရီးယားနိုင်ငံမှာ တနှစ်ခွဲနီးပါး ထိန်းသိမ်းခံထားရာကနေ ပြီးခဲ့တဲ့ သီတင်းပတ်က ပြန်လွတ်လာခဲ့တဲ့ အမေရိကန် ကောလိပ် ကျောင်းသား Otto Warmbier ကွယ်လွန်သွားပါပြီ။

အမေရိကန်နိုင်ငံကို ပြန်ရောက်လာခါနီး ရက်ပိုင်းအလိုလောက်ကျမှ Otto Warmbier သတိလစ်နေတာ တနှစ်လောက် ရှိနေပြီ ဆိုတာကို သူ့မိသားစုက သိခဲ့ရပါတယ်။

သူသတိလစ်သွားတာဟာ botulinum ဘက်တီးရီးယား အဆိပ်သင့်တာကြောင့်လို့ မြောက်ကိုရီးယားအစိုးရက ပြောပေမယ့် သူ့ကို ကုနေတဲ့ အမေရိကန် ဆရာဝန်တွေကတော့ Otto Warmbierရဲ့ ကိုယ်ခန္ဓာထဲမှာ အဲဒီ ဘက်တီးရီးယား ပိုး အရိပ်လက္ခဏာ မတွေ့ရဘူးလို့ ဆိုပါတယ်။

ဒါပေမယ့်လည်း သူအထိန်းသိမ်းခံထားရစဉ်အတွင်း ကိုယ်ထိလက်ရောက် နှိပ်စက်ညှင်းပန်း ခံရတဲ့ အရိပ်လက္ခဏာ မတွေ့ရဘူးလို့လည်း သူ့ ဆရာဝန်တွေက အတည်ပြု ပြောခဲ့ပါတယ်။

သူ့မိသားစုဝင်တွေကတော့ Otto Warmbier သေဆုံးခဲ့ရတာဟာ မြောက်ကိုရီးယား အစိုးရရဲ့ ထိန်းသိမ်းမှုအောက်မှာ ရှိနေစဉ်တုန်းက နှိပ်စက် ညှင်းပန်း ခံခဲ့ရလို့ ဖြစ်တယ် ဆိုပြီး ပြစ်တင် ပြောဆိုလိုက်ပါတယ်။

Otto Warmbier ကွယ်လွန်ပြီးပြီးချင်း ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်ထဲမှာတော့ သူ့မိသားစုဝင်တွေက သူနဲ့ နောက်ဆုံးနေခဲ့ရတဲ့ အချိန်လေးကို အလေးထား ဖေါ်ပြသွားခဲ့ပြီး Otto ဟာ အမေရိကန်နိုင်ငံကို ပြန်ရောက်လာချိန်မှာ စကားမပြောနိုင် မမြင်နိုင် မကြားနိုင် ဖြစ်နေပေမယ့် အိမ်ပြန်ရောက်လာပြီ ဆိုတဲ့ အသိလေးတော့ သိသွားပုံရတယ်လို့ ဆိုပါတယ်။

၂၀၁၅ခုနှစ်တုန်းက အသက် ၂၁နှစ်အရွယ် Otto Warmbier ဟာ မြောက်ကိုရီးယားနိုင်ငံကို ၃ရက်ကြာ သွားလည်စဉ် ဟိုတယ်ခန်းတခုကနေ မြောက်ကိုရီးယား အစိုးရ ဝါဒဖြန့် တံဆိပ်တခုကို ခိုးယူဖို့ ကြိုးစားခဲ့တယ် ဆိုပြီး အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၅နှစ် ချမှတ်ခံခဲ့ရတာပါ။

Otto Warmbier သေဆုံးပြီဆိုတဲ့ သတင်းကြားအပြီးမှာ အမေရိကန် သမ္မတ ထရမ့်က ဒါဟာ မြောက်ကိုရီးယား အစိုးရရဲ့ ယုတ်မာ ရက်စက်မှုကြောင့်ဆိုပြီး ဝေဖန် ရှုတ်ချလိုက်ပါတယ်။

Otto Warmbier သေဆုံးသွားခဲ့မှုဟာ အလားတူ ဝမ်းနည်းကြေကွဲဘွယ် ဖြစ်ရပ်တွေ ထပ်မဖြစ်အောင် တားဆီးဖို့ သူ့ရဲ့ သံဓိဋ္ဌာန်ကို ပိုခိုင်မာစေတယ်လို့ သမ္မတ ထရမ့်က ပြောပါတယ်။

အိမ်ဖြူတော်ရဲ့အဆိုအရ မြောက်ကိုရီးယားမှာ ထိန်းသိမ်းခံထားရတဲ့ အမေရိကန်နိုင်ငံသားတွေရဲ့ အရေးကို ဦးစားပေး ဖြေရှင်းပေးဖို့ အမေရိကန် နိုင်ငံခြားရေးဌာနကို သမ္မတထရမ့်က ညွှန်ကြားထားခဲ့ကြောင်းနဲ့ ထိပ်တန်း အဆင့် ဆွေးနွေးပြောဆိုမှုတွေ လုပ်အပြီးမှာ Otto Warmbier လွတ်မြောက်လာခဲ့တာ ဖြစ်ကြောင်း သိရပါတယ်။

မြောက်ကိုရီးယားအစိုးရက အမေရိကန် အကျဉ်းသားတွေကို သံတမန်ရေး အပေးအယူလုပ်ပြီး ပြန်လွှတ်ပေးတာ သိပ်မဆန်းလှပေမယ့် ဒီလို ဆိုးဝါးတဲ့အခြေအနေနဲ့ ပြန်လွှတ်ပေးတာကတော့ သိပ်ကို ထူးခြားနေပါတယ်။

Otto Warmbier ဟာ ရုတ်တရက် နှလုံး ရပ်ရာကနေ အာရုံကြောတွေ ထိခိုက်သွားပုံ ရတယ်လို့ ဆရာဝန်တွေက ပြောပေမယ့် ဘာ့ကြောင့် ဒီလို ဖြစ်ရတာလဲ ဆိုတာတော့ ထုတ်ဖော် မပြောခဲ့ကြဘူးလို့ ဝါရှင်တန်မြို့က ဘီဘီစီ သတင်းထောက် Barbara Plett Usher ကသတင်းပေးပို့ထားပါတယ်။