မြောက်ကိုရီးယား အကျဉ်းစံတွေ အခြေအနေ

  • 20 ဇွန် 2017
ဓာတ်ပုံ မူပိုင် Reuters
Image caption မစ္စတာ ဝမ်းဘီးယား မြောက်ကိုရီးယား တရားခွင်မှာ

လူသားချင်း စာနာ နားလည်မှု ဆိုင်ရာ အခြေခံ အကြောင်းနဲ့ အမေရိကန် ကျောင်းသားကို ပြန်လွှဲ ပေးခဲ့တာ ဆိုပြီး မြောက်ကိုရီးယား အစိုးရက ပြောပါတယ်။

မစ္စတာ ဝမ်းဘီးယားကို ပြန်လည် လက်ခံ ရရှိ ခဲ့တဲ့ မိဘတွေ ဖြစ်ကြတဲ့ ဖရက်ဒ်နဲ့ စင်ဒီ ဝမ်းဘီးယား ဇနီးမောင်နှံ ကတော့ မြောက်ကိုရီးယားတွေ လက်ထဲမှာ သူတို့သားဟာ အင်မတန် ဆိုးဆိုးရွားရွား ပြုမူ ဆက်ဆံ ခံခဲ့ရတယ် လို့ ဆိုပါတယ်။

ကိုမာ ဝင်နေတဲ့ အော်တို ဝမ်းဘီးယား ဟာ သတိပြန်လည် ရရှိ မလာတော့ဘဲ သူ့ကို တင်ထားတဲ့ အိုဟိုင်အိုးပြည်နယ်၊ စင်စင်နတီ မြို့ ဆေးရုံမှာ ဒေသအချိန် တနင်္လာနေ့ မွန်းလွဲ ပိုင်းမှာ သေဆုံး သွားပါတယ်။

စင်စင်နတီ မြို့ကို မစ္စတာ ဝမ်းဘီးယား ဟာ စကား မပြောနိုင်၊ မမြင်နိုင်၊ ပြောဆို ဆက်သွယ်လို့ မရ နိုင်တဲ့ အခြေအနေမျိုးနဲ့ ဇွန်လ ၁၃ ရက်နေ့က ပြန်ရောက် လာခဲ့တာပါ။

မစ္စတာ ဝမ်းဘီးယားဟာ Botulism လို့ ခေါ်တဲ့ အင်မတန် ဖြစ်တောင့်ဖြစ်ခဲ ရောဂါ တမျိုး ကူးစက် ခံခဲ့ရတာ ဖြစ်တယ်လို့ မြောက်ကိုရီးယား အစိုးရက ပြောပါတယ်။

Botulism ဆိုတာ ဟာ ရောဂါပိုးကြောင့် အစာ အဆိပ်သင့်ပြီး အာရုံကြောတွေကိုပါ ထိခိုက် လို့ မလှုပ်နိုင် မရှားနိုင် အကြော သေသွား စေတဲ့ ရောဂါပါ။

စင်စင်နတီ မြို့ ဆေးရုံက ဆရာဝန်တွေကတော့ မစ္စတာ ဝမ်းဘီးယားမှာ Botulism ရဲ့ လက္ခဏာ တစွန်းတစမှ မတွေ့ရဘူး၊ အာရုံကြော စနစ်ကတော့ အင်မတန် ပြင်းပြင်းထန်ထန် ထိခိုက် ဒဏ်ရာ ရထားပြီး ဦးနှောက် အစိတ်အပိုင်း တချို့ ပျက်စီး နေတယ်လို့ ဆိုပါတယ်။

ဘာ့ကြောင့် ဒီ အခြေအနေမျိုး ရောက်သွား ရတာလဲ ဆိုတဲ့ အခြေခံ အကြောင်းကိုတော့ အမေရိကန် ဆရာဝန်တွေ တိတိကျကျ မပြော နိုင်သေးပါဘူး။

ဒါပေမယ့် မစ္စတာ ဝမ်းဘီးယားရဲ့ နှလုံးနဲ့ အဆုပ်တွေ တချိန်ချိန်မှာ အလုပ် မလုပ်ဘဲ ရပ်သွားခဲ့ပြီး ဦးနှောက်ထဲ သွေးမရောက် နိုင်တော့တဲ့ အချိန်အပိုင်းအခြားမျိုး ရှိကောင်း ရှိနိုင်ခဲ့တယ် လို့ ခန့်မှန်း ထားကြပါတယ်။

အကျဉ်းသားတွေ အပေါ် ပြင်းပြင်းထန်ထန် ဆက်ဆံ

မြောက်ကိုရီးယား အကျဉ်းထောင်တွေထဲ အကျဉ်းသားတွေ အပေါ် ပြင်းပြင်းထန်ထန် ဆက်ဆံ တယ် ဆိုတဲ့ အချက်ဟာ သံသယ ဖြစ်ဖွယ် မရှိ ဘူးလို့ ဆိုးလ် မြို့တော်မှာ ရှိနေတဲ့ ဘီဘီစီ သတင်းထောက် Stephen Evans က ပြောပါတယ်။

နိုင်ငံခြားသားတွေကို ထောင်ချပြီ ဆိုရင်၊ အလုပ်ကြမ်း ပြစ်ဒဏ်ပါ တွဲပြီး ချမှတ် တာ ဖြစ်သလို အကျဉ်းသား တွေ အနေနဲ့ ပြင်းထန်တဲ့ ဖိနှိပ်မှုတွေ၊ တဦးတည်း သီးသန့် ခွဲထား တာတွေလို ရုပ်ပိုင်းမှာ ခံရသလို စိတ်ပိုင်းမှာလည်း ကူရာမဲ့ ကယ်ရာမဲ့ မျှော်လင့်ချက် လုံးလုံး ဆုံးရှုံး သွားပြီ ဆိုတဲ့ စိတ် အခြေအနေမျိုး ရောက်သွားတဲ့ အထိ ဖြစ်ရတယ် လို့ Stephen Evans က ဆိုပါတယ်။

စိတ်ပိုင်း လုံးဝ ပြိုကွဲ နေတဲ့ မြောက်ကိုရီးယား အကျဉ်းသားဟောင်း တယောက်နဲ့ ဘီဘီစီ စကား ပြောခဲ့ဖူးတာမှာ အဲဒီ သူ ဆိုရင် ထောင်တွင်း အတွေ့အကြုံတွေဟာ သူ့အပေါ် ဆိုးဆိုးရွားရွား ပြင်းထန် လွှမ်းမိုး နေဆဲပဲ ဆိုတာတွေ့ရပါတယ်။

တခါ မြောက်ကိုရီးယား အစိုးရရက အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၅ နှစ် ချမှတ်တာ ခံရဖူးတဲ့ ကိုရီးယားနွယ်ဖွား အမေရိကန် နိုင်ငံသား ခရစ်ယာန် သာသနာပြု Kenneth Bae ရဲ့ အတွေ့အကြုံကို ကြည့်ရင်လည်း ထောင်ထဲမှာ မစ္စတာ ဘေးရဲ့ ကျန်းမာရေး အခြေအနေ အတော်လေး ယိုယွင်း လာတဲ့ အချိန် ကျမှပဲ မြောက်ကိုရီးယား အာဏာပိုင်တွေက ပြန်လွှတ် ပေး ခဲ့တာပါ။

နောက်ပိုင်း မစ္စတာ ဘေးရေးသား ထုတ်ဝေတဲ့ ကိုယ်တွေ့မှတ်တမ်းထဲ မိုးလင်းကနေ သန်းခေါင်ချဉ်းတဲ့ အချိန်ထိ ညစဉ် ရက်ဆက်၊ ၄ ပတ်တိတိ စစ်ကြော ခံရတယ် ၊ တပတ်ကို ၆ ရက် ယာထဲ အလုပ်ကြမ်းတွေ လုပ်ရတယ် ဆိုတဲ့ အချက်မျိုးတွေ တွေ့ရပါတယ်။

ဒါ့အပြင် နိုင်ငံတကာ လွတ်ငြိမ်း ချမ်းသာခွင့် လို အဖွဲ့အစည်းတွေ ရရှိထားတဲ့ သက်သေ အထောက် အထားတွေ မှာလည်း အရွယ် မရောက် သေးတဲ့ ကလေးသူငယ် တွေ အပါအဝင် မြောက်ကိုရီးယား နိုင်ငံသား တွေ သိန်းနဲ့ချီပြီး နိုင်ငံရေး ပုဒ်မတွေတပ် အဖမ်းခံ ထားရတယ်လို့ ဆိုပါတယ်။

ထောင် အာဏာပိုင်တွေဟာ တချို့ အကျဉ်းသားတွေကို ကိုယ့်ကျင်းကိုယ်တူးပြီး သတ်ဖြတ် ပစ်တယ် ၊ ထောင်တွင်း ပြစ်ဒဏ် အနေနဲ့ အဓမ္မ ပြုကျင့် ခံရတယ် ဆိုတဲ့ သက်သေ ထွက်ဆို မှုတွေ ရှိနေတယ် လို့ Amnesty International ရဲ့ အစီအရင် ခံစာတွေ လည်း ရှိနေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ