ဝမ်ဘေယာ သေဆုံးမှုအတွက် မြောက်ကိုရီးယားအပေါ် ထရမ့် ဝေဖန်

  • 20 ဇွန် 2017
Image caption ပြောဆို ဆက်သွယ်လို့ မရ နိုင်တဲ့ အခြေအနေမျိုးနဲ့ ဇွန်လ ၁၃ ရက်နေ့က ပြန်ရောက် လာခဲ့

မြောက်ကိုရီးယား အကျဉ်းထောင်ထဲမှာ ၁၅ လ ကျော် အကျဉ်းချ ခံခဲ့ရတဲ့ အမေရိကန် နိုင်ငံသား ၊ ကျောင်းသား လူငယ် အော့တို ဝမ်ဘေယာ တစ်ယောက် သေဆုံး သွားခဲ့တဲ့နောက် မြောက်ကိုရီးယား အစိုးရဟာ အင်မတန် ကြမ်းကြုတ်ရက်စက်တယ် ဆိုပြီး သမ္မတ ထရမ့်က ပြင်းပြင်းထန်ထန် ပစ်တင် ပြောဆို လိုက်ပါတယ်။

ဆေးပညာ အခေါ်အဝေါ် အရ ကိုမာ ဝင်တယ် ဆိုပြီး ပြောကြတဲ့၊ သတိလစ် မေ့မျော နေတာ တစ်နှစ် ကြာမြင့် နေပြီ ဖြစ်တဲ့ အော့တို ဝမ်ဘေယာ ကို ပြီးခဲ့တဲ့ သီတင်းပတ် ထဲကမှ မြောက်ကိုရီးယား အစိုးရက အမေရိကန်ကို ပြန်လွှဲ ပေးခဲ့တာ ဖြစ်ပါတယ်။

လူသားချင်း စာနာ နားလည်မှု ဆိုင်ရာ အခြေခံ အကြောင်းနဲ့ အမေရိကန် ကျောင်းသားကို ပြန်လွှဲ ပေးခဲ့တာ ဆိုပြီး မြောက်ကိုရီးယား အစိုးရက ပြောပါတယ်။

မစ္စတာ ဝမ်ဘေယာကို ပြန်လည် လက်ခံ ရရှိ ခဲ့တဲ့ မိဘတွေ ဖြစ်ကြတဲ့ ဖရက်ဒ်နဲ့ စင်ဒီ ၊ ဝမ်ဘေယာ ဇနီးမောင်နှံ ကတော့ မြောက်ကိုရီးယားတွေ လက်ထဲမှာ သူတို့ရဲ့ သားဖြစ်သူဟာ အင်မတန် ဆိုးဆိုးရွားရွား ပြုမူ ဆက်ဆံ ခံခဲ့ရတယ် လို့ ဆိုပါတယ်။

ကိုမာ ဝင်နေတဲ့ အော့တို ဝမ်ဘေယာ ဟာ သတိပြန်လည် ရရှိ မလာတော့ပဲ သူ့ကို တင်ထားတဲ့ အိုဟိုင်အိုးပြည်နယ်၊ စင်စင်နက်တီ Cincinnati မြို့ ဆေးရုံမှာ ဒေသအချိန် တနင်္လာနေ့ မွန်းလွဲ ပိုင်းမှာ သေဆုံး သွားတာ ဖြစ်ပါတယ်။

စင်စင်နက်တီ မြို့ကို မစ္စတာ Warmbier ဟာ စကား မပြောနိုင်၊ မမြင်နိုင်၊ ပြောဆို ဆက်သွယ်လို့ မရ နိုင်တဲ့ အခြေအနေမျိုးနဲ့ ဇွန်လ ၁၃ ရက်နေ့က ပြန်ရောက် လာခဲ့တာပါ။

မစ္စတာ ဝမ်ဘေယာဟာ Botulism လို့ ခေါ်တဲ့ အင်မတန် ဖြစ်တောင့်ဖြစ်ခဲ ရောဂါ တစ်မျိုး ကူးစက် ခံခဲ့ရတာ ဖြစ်တယ်လို့ မြောက်ကိုရီးယား အစိုးရက ပြောပါတယ်။

Botulism ဆိုတာ ဟာ ရောဂါပိုးကြောင့် အစာ အဆိပ်သင့်ပြီး၊ အာရုံကြောတွေကိုပါ ထိခိုက် လို့ မလှုပ်နိုင် မရှားနိုင် အကြော သေသွား စေတဲ့ ရောဂါပါ။

စင်စင်နက်တီ မြို့ ဆေးရုံက ဆရာဝန်တွေကတော့ မစ္စတာ ဝမ်ဘေယာမှာ Botulism ရဲ့ လက္ခဏာ တစွန်းတစမှ မတွေ့ရဘူး၊ အာရုံကြော စနစ်ကတော့ အင်မတန် ပြင်းပြင်းထန်ထန် ထိခိုက် ဒဏ်ရာ ရထားပြီး ဦးနှောက် အစိတ်အပိုင်း တချို့ ပျက်စီး နေတယ်လို့ ဆိုပါတယ်။

ဘာ့ကြောင့် ဒီ အခြေအနေမျိုး ရောက်သွား ရတာလဲ ဆိုတဲ့ အခြေခံ အကြောင်းကိုတော့ အမေရိကန် ဆရာဝန်တွေ တိတိကျကျ မပြော နိုင်သေးပါဘူး။

ဒါပေမယ့် မစ္စတာ ဝမ်ဘီယာရဲ့ နှလုံးနဲ့ အဆုပ်တွေ တချိန်ချိန်မှာ အလုပ် မလုပ်ပဲ ရပ်သွားခဲ့ပြီး၊ ဦးနှောက်ထဲ သွေးမရောက် နိုင်တော့တဲ့ အချိန်အပိုင်းအခြားမျိုး ရှိကောင်း ရှိနိုင်ခဲ့တယ် လို့ ခန့်မှန်း ထားကြပါတယ်။

မြောက်ကိုရီးယား အကျဉ်းထောင်တွေထဲ အကျဉ်းသားတွေ အပေါ် ပြင်းပြင်းထန်ထန် ဆက်ဆံ တယ် ဆိုတဲ့ အချက်ဟာ သံသယ ဖြစ်ဖွယ် မရှိ ဘူးလို့ ဆိုးလ် မြို့တော်မှာ ရှိနေတဲ့ ဘီဘီစီ သတင်းထောက် စီတီဖင် အယ်ဗန်စ် Stephen Evans က ပြောပါတယ်။

နိုင်ငံခြားသားတွေကို ထောင်ချပြီ ဆိုရင်၊ အလုပ်ကြမ်း ပြစ်ဒဏ်ပါ တွဲပြီး ချမှတ် တာ ဖြစ်သလို၊ အကျဉ်းသား တွေ အနေနဲ့ ပြင်းထန်တဲ့ ဖိနှိပ်မှုတွေ၊ တစ်ဦးတည်း သီးသန့် ခွဲထား တာတွေလို ရုပ်ပိုင်းမှာ ခံရသလို၊ စိတ်ပိုင်းမှာလည်း ကူရာမဲ့ ကယ်ရာမဲ့ မျှော်လင့်ချက် လုံးလုံး ဆုံးရှုံး သွားပြီ ဆိုတဲ့ စိတ် အခြေအနေမျိုး ရောက်သွားတဲ့ အထိ ဖြစ်ရတယ် လို့ စီတီဖင် အယ်ဗန်စ် က ဆိုပါတယ်။

မြောက်ကိုရီးယား အစိုးရရက အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၅ နှစ် ချမှတ်တာ ခံရဖူးတဲ့ ကိုရီးယားနွယ်ဖွား အမေရိကန် နိုင်ငံသား ခရစ်ယာန် သာသနာပြု ကက်နက်သ်ဘေး Kenneth Bae ရဲ့ အတွေ့အကြုံကို ကြည့်ရင်လည်း ထောင်ထဲမှာ မစ္စတာ ဘေးရဲ့ ကျန်းမာရေး အခြေအနေ အတော်လေး ယိုယွင်း လာတဲ့ အချိန် ကျမှပဲ မြောက်ကိုရီးယား အာဏာပိုင်တွေက ပြန်လွှတ် ပေး ခဲ့တာပါ။

နောက်ပိုင်း မစ္စတာ ဘေးရေးသား ထုတ်ဝေတဲ့ ကိုယ်တွေ့မှတ်တမ်းထဲ၊ မိုးလင်းကနေ သန်းခေါင်းချဉ်းတဲ့ အချိန်ထိ ညစဉ် ရက်ဆက် ၄ ပတ်တိတိ စစ်ကြော ခံရတယ် ၊ တစ်ပတ်ကို ၆ ရက် ယာထဲ အလုပ်ကြမ်းတွေ လုပ်ရတယ် ဆိုတဲ့ အချက်မျိုးတွေ တွေ့ရပါတယ်။

ဒါ့အပြင်၊ နိုင်ငံတကာ လွတ်ငြိမ်း ချမ်းသာခွင့် Amnesty International လို အဖွဲ့အစည်းတွေ ရရှိထားတဲ့ သက်သေ အထောက် အထားတွေ မှာလည်း အရွယ် မရောက် သေးတဲ့ ကလေးသူငယ် တွေ အပါအဝင် မြောက်ကိုရီးယား နိုင်ငံသား တွေ သိန်းနဲ့ချီပြီး၊ နိုင်ငံရေး ပုဒ်မတွေတပ် အဖမ်းခံ ထားရတယ်လို့ ဆိုပါတယ်။

ထောင် အာဏာပိုင်တွေဟာ တချို့ အကျဉ်းသားတွေကို ကိုယ့်ကျင်းကိုယ်တူးပြီး သတ်ဖြတ် ပစ်တယ် ၊ ထောင်တွင်း ပစ်ဒဏ် အနေနဲ့ မုဒိန်း ပြုကျင့် ခံရတယ် ဆိုတဲ့ သေသက် ထွက်ဆို မှုတွေ ရှိနေတယ် လို့ Amnesty International ရဲ့ အစီအရင် ခံစာတွေ လည်း ရှိနေပါတယ်။