ဘရပ်ဆဲလ် ဘူတာရုံမှာ အသေခံ ဗုံးခွဲသူကို ပစ်ခတ်ဖမ်းဆီး

  • 21 ဇွန် 2017
ဓာတ်ပုံ မူပိုင် Reuters
Image caption ဘူတာရုံထဲမှာ ပေါက်ကွဲမှုကြောင့် မီးစွဲလောင်နေပုံကို တွေ့ရ

ဘယ်လ်ဂျီယမ်နိုင်ငံ ဘရပ်ဆဲလ်မြို့က ဘူတာရုံတခုမှာ အသေခံဗုံးခွဲမယ့်သူလို့ ယူဆရသူတဦးကို စစ်သားတွေက ပစ်ခတ် ဖမ်းဆီးလိုက်ပါတယ်။

အဲဒီလူဟာ ဗုံးခွဲ အင်္ကျီ ဝတ်ထားတယ်လို့ ယူဆရပြီး စစ်သားတွေကက နေရာမှာတင် ပစ်ခတ် ဖမ်းဆီးလိုက်တာပါ။

ဖောက်ခွဲမှု လုပ်ခဲ့သူက သူ့ကျောပိုးအိတ်ထဲက ဖေါက်ခွဲပစ္စည်းကို စနက်တံဖြုတ် ဖေါက်ခွဲခဲ့ချိန်မှာ အလ္လာရှင်မြတ် ကြီးမြတ်တော်မူတယ် ဆိုပြီး အော်ဟစ်ခဲ့တာကို ကြားခဲ့ရတယ်လို့ လူအတော်များများက ပြန်ပြောပြပါတယ်။

အဲဒီလူ သေဆုံးသွားပြီလို့ ဖက်ဒရယ်လ် အစိုးရ ရှေ့နေတွေက ပြောပါတယ်။

ဒီဖြစ်ရပ်ကို အကြမ်းဖက် တိုက်ခိုက်မှုအဖြစ် စုံစမ်း အရေးယူသွားမယ်လို့ ဆိုပါတယ်။

ပေါက်ကွဲမှုအတွင်း ထိခိုက် သေဆုံးသူတော့ မရှိခဲ့ပါဘူး။

ပေါက်ကွဲမှု ဖြစ်ချိန်မှာ ခရီးသည်တွေ လမ်းသွားလမ်းလာတွေ ထိတ်လန့်တကြား ထွက်ပြေးခဲ့ကြပြီး ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ နှစ် မတ်လတုန်းက ဘရပ်ဆဲလ်မြို့ လေဆိပ်နဲ့ မြေအောက် ဘူတာရုံတွေမှာ အသေခံ ဗုံးခွဲ တိုက်ခိုက်မှုတွေ ဖြစ်ခဲ့အပြီး လူစည်ကားရာ နေရာတွေမှာ စစ်တပ်က လုံခြုံရေး ကင်းလှည့်မှုတွေ ဆောင်ရွက်နေတာပါ။

အခု ဒီ အခင်း ဖြစ်ပွားချိန်မှာ ဘူတာရုံမှာ ကင်းလှည့် စောင့်ကြပ်နေတဲ့ စစ်သားတွေက အဲဒီလူကို ချက်ချင်း ပစ်ခတ်ဖမ်းဆီးပြီး ဖေါက်ခွဲ ပစ္စည်းတွေကို အလျင်အမြန် ဖြုတ်သိမ်းခဲ့တာ ဖြစ်ပါတယ်။

ပေါက်ကွဲမှု ဖြစ်ပြီးပြီးချင်းမှာပဲ ဘရပ်ဆဲလ်မြို့လယ်က ကမ္ဘာလှည့် ခရီးသည်တွေနဲ့ ပြည့်နှက်နေတဲ့ Grand Place ရင်ပြင်ကနေ လူတွေကို ရှင်းလင်း ဖယ်ထုတ်ခဲ့ပါတယ်။

အခုအခါ အခြေအနေကို ထိန်းချုပ်နိုင်ခဲ့ပြီလို့အာဏာပိုင်တွေက ပြောပါတယ်။

အကြမ်းဖက် တိုက်ခိုက်မှု အန္တရာယ် သတိပေးချက်ကိုလည်း ဒုတိယ အမြင့်ဆုံး အဆင့်မှာပဲ ဆက်ထားထားကြောင်း ဥရောပရေးရာ ဘီဘီစီ သတင်းထောက် Kevin Connolly က သတင်းပေးပို့ထားပါတယ်။