ပါလီမန်မှာ ပြောမယ့် ဘုရင်မကြီး မိန့်ခွန်း

  • 21 ဇွန် 2017
Image caption ဘရက်စစ် လုပ်ငန်းစဉ် ဘုရင်မ မိန့်ခွန်းထဲမှာ လွှမ်းမိုးမယ်

ဗြိတိန် စံတော်ချိန် မနက် ၁၁ နာရီခွဲ ဆိုရင် ယူကေ နိုင်ငံရေး အစဉ်အလာအရ ပါလီမန် အစည်းအဝေး ဖွင့်ပွဲမှာ ဘုရင်မကြီး အဲလစ်ဇဘက်က မိန့်ခွန်း ပြောကြား တော့မှာ ဖြစ်ပါတယ်။

ဒါဟာ ယူကေ ပါလီမန်ရဲ့ ကြီးမားတဲ့ အစဉ်အလာ ဖြစ်ပေမယ့်၊ ဒီနှစ်မှာတော့ ဘုရင်မကြီးက ထုံးထမ်းစဉ်လာ အလေ့အထတွေ နည်းနည်း လျှော့ပေါ့မယ်လို့ နားလည် ရပါတယ်။

ဥပမာ ဘုရင်မ ဝတ်ရုံတော် ခြုံပြီး ပါလီမန်ကို လာမယ့် အစား၊ သာမန် နေ့လယ်ခင်း ပွဲတက်ဝတ်စုံပဲ ဝတ်ဆင်မယ်လို့ နားလည် ရပါတယ်။

ဒါ့အပြင် မြင်းဆွဲ ယာဉ်ရထားနဲ့ လာမယ့်အစား မော်တော်ကားနဲ့ပဲ ပါလီမန်ကို ဘုရင်မကြီး လာပါလိမ့်မယ်။

ပုံမှာ ဆိုရင် House of Lords လို့ ခေါ်တဲ့ အထက် ပါလီမန် ရုံးတော်ဘက်ခြမ်းမှာ ကျင်းပလေ့ ရှိတဲ့ ဘုရင်မကြီး ကြွမြန်းတဲ့ တော်ဝင် စီတန်း လမ်းလျှောက်ပွဲ အခမ်းအနားလည်း ရှိမှာ မဟုတ်ပါဘူး။

ဘုရင်မ သရဖူကို House of Lords ကို မော်တော်ယာဉ်နဲ့ သယ်ဆောင်မှာ ဖြစ်ပြီး၊ ဘုရင်မကြီး ကတော့ သာမန် ဦးထုပ်ကိုသာ ဆောင်းပါလိမ့်မယ်။

ဘုရင်မကြီးရဲ့ ပါလီမန်မိန့်ခွန်း ဆိုတာ တကယ်တော့ လက်ရှိ အစိုးရက ရေးသားတာ ဖြစ်ပြီး ၊ အစိုးရရဲ့ တစ်နှစ်တာ လုပ်ငန်း စီမံကိန်းတွေကို ပါလီမန်ကို အသိပေးတာ ဖြစ်ပါတယ်။

ဒီနှစ်မှာတော့ ဥရောပ သမဂ္ဂ အဖွဲ့ အီးယူထဲကနေ ဗြိတိန် နှုတ်ထွက်တဲ့ ဘရက်စစ် လုပ်ငန်းစဉ် ဘုရင်မ မိန့်ခွန်းထဲမှာ လွှမ်းမိုး နေမှာ ဖြစ်ပြီး၊ လာမယ့် ၂ နှစ်တာ ကာလ အထိ ခြုံလွှမ်းမယ့် အစိုးရ အစီအစဉ်တွေ ဖော်ပြ လာနိုင်ပါတယ်။

ဘရက်စစ် လုပ်ငန်းစဉ် အတွက် လိုအပ်တဲ့ ဥပဒေတွေ ရေးဆွဲဖို့ ပါလီမန်ကို တောင်းဆိုတာတွေ ပါဝင် လာမယ်လို့ မျှော်လင့် ရပါတယ်။

ဒီ မိန့်ခွန်းတွေ ပါဝင်တဲ့ အချက် အလက်တွေကို နေ့လယ်ခင်းမှာ ပါလီမန် အမတ်တွေ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။ #ဘီဘီစီမြန်မာပိုင်း #ဘုရင်မမိန့်ခွန်း