ဆော်ဒီ ဘုရင်က အိမ်ရှေ့စံ နေရာကို သားတော်ကို ပေး

  • 21 ဇွန် 2017
Image caption အိမ်ရှေ့စံ အသစ်နဲ့ အဟောင်း

ဆော်ဒီအာရဗျ ဘုရင် ဆာလ်မန်းဟာ သားတော် မိုဟာမက် ဘင် ဆာလ်မန်ကို နန်းလျာ အိမ်ရှေ့စံ အဖြစ် ရွေးချယ် လိုက်ပါတယ်။

အသက် ၃၁ နှစ် အရွယ် မင်းသား မိုဟာမက်ဟာ ဆော်ဒီ စီးပွားရေး ပြုပြင် ပြောင်းလဲရေး စီမံကိန်းတွေကို တာဝန်ယူ ကြီးကြပ် နေသူ ဖြစ်ပြီး အခု အိမ်ရှေ့စံ အဖြစ် ရောက်လာတဲ့ အခါမှာလည်း ဒီတာဝန်ကို ဆက်လက် ယူသွားမှာ ဖြစ်ပါတယ်။

ဒါ့အပြင် မင်းသား မိုဟာမက်ဟာ အိမ်နီးချင်း ယီမင်နိုင်ငံ ပြည်တွင်းစစ်ထဲ စစ်ရေးအရ ပါဝင် ပတ်သက်နေတဲ့ ဆော်ဒီရဲ့ စစ်ရေး လုပ်ဆောင်မှုတွေကို ဦးဆောင် နေသူလည်း ဖြစ်ပါတယ်။

ဘုရင် ဆာလ်မန်းဟာ တူတော်စပ်သူ မိုဟာမက် ဘင် နာယက်ဖ်ကို အိမ်ရှေ့စံ အဖြစ်က ဖယ်ရှားပြီး သားဖြစ်သူကို နန်းလျာ အဖြစ် ခန့်အပ် လိုက်တာ ဖြစ်ပါတယ်။

မိုဟာမက် ဘင် နာယက်ဖ် အနေနဲ့ အိမ်ရှေ့စံ အဖြစ်ကနေ သာမက ပြည်ထဲရေး ဝန်ကြီး နေရာ ကပါ ဖယ်ရှား ခံလိုက်ရတာ ဖြစ်ပါတယ်။

ဒါပေမယ့် မိုဟာမက် ဘင် နာယက်ဖ်က အိမ်ရှေ့မင်းသား အသစ် ဖြစ်လာသူ မိုဟာမက် ဘင် ဆာလ်မန် အပေါ် သစ္စာခံမယ့် အကြောင့် ကတိပြုခဲ့တယ်လို့ ဆော်ဒီက လာတဲ့ သတင်းတွေက ဆိုပါတယ်။