ဘရက်စစ်အတွက် ဥပဒေကြမ်းတွေ ဘုရင်မကြီး မိန့်ခွန်းထဲ လွှမ်းမိုးနေ

  • 21 ဇွန် 2017
Image caption ကြင်ရာတော် ဆေးရုံ တက်နေရလို့ သားဖြစ်သူ အိမ်ရှေ့စံနဲ့ ပါလီမန်ကို ဘုရင်မကြီး ရောက်လာ။

ဘုရင်မကြီး အဲလိဇဘက် ရဲ့ ပါလီမန် မိန့်ခွန်းထဲ ဥရောပသမဂ္ဂ အဖွဲ့ အီးယူ ထဲကနေ ဗြိတိန် နှုတ်ထွက်တဲ့ ဘရက်စစ် လုပ်ငန်းစဉ်မှာ ငြင်သာ ချောမွေ့ပြီး စနစ်တကျ ဖြစ်စေဖို့ အစိုးရ အကြံပြုထားတဲ့ ဥပဒေသစ်တွေ အကြောင်း အဓိက နေရာက ပါဝင်ပါတယ်။

ဘုရင်မကြီးရဲ့ ပါလီမန်မိန့်ခွန်း ဆိုတာ တကယ်တော့ လက်ရှိ အစိုးရက ရေးသားတာ ဖြစ်ပြီး ၊ အစိုးရရဲ့ တစ်နှစ်တာ လုပ်ငန်း စီမံကိန်းတွေကို ပါလီမန်ကို အသိပေးတာ ဖြစ်ပါတယ်။

ဘုရင်မကြီး မိန့်ခွန်းပါ ဥပဒေကြမ်း ၂၇ ခုမှာ ၈ ခုက ဘရက်စစ်နဲ့ ဆက်စပ် နေပါတယ်။

အစိုးရက အကြံပြုထားတဲ့ ဥပဒေ အသစ်တွေကို ကြည့်ရင် ဘရက်စစ်နဲ့ ဆက်စပ် နေတဲ့ အဓိက အခန်း ကဏ္ဍတွေမှာ ပြဌာန်းသင့်တာတွေ သာမက အီးယူ ဥပဒေ စည်းမျဉ်းတွေကို ယူကေ ဥပဒေတွေ အဖြစ် အသွင်ပြောင်းသင့်တဲ့ နေရာတွေကိုလည်း အကြံ ပြုထားပါတယ်။

အဓိက အားဖြင့်တော့ ကုန်သွယ်ရေး၊ အကောက်အခွန်၊ လူဝင်မှု၊ ငါးလုပ်ငန်း၊ စိုက်ပျိုးရေး၊ နျူကလီယာနဲ့ တခြား နိုင်ငံတွေ လူပုဂ္ဂိုလ်တွေ အပေါ် ချမှတ် ထားတဲ့ ပိတ်ဆို့ ကန့်သတ်မှုတွေကို ယူကေ ကိုယ်ပိုင် ဥပဒေတွေ အဖြစ် ပေါ်ထွန်း လာရေး ဖြစ်ပါတယ်။

ယူကေ ရွေးကောက်ပွဲ အပြီး ပါလီမန်ထဲ ကွန်ဆာဗေးတစ် ပါတီ လွှမ်းမိုးမှု ဆုံးရှုံး သွားတဲ့နောက် ဝန်ကြီးချုပ် ထရီဆာမေရဲ့ ကွန်ဆာဗေးတစ် ပါတီက မူလ ရည်မှန်းထားတဲ့ ဥပဒေကြမ်း တချို့ကိုတော့ မထည့်သွင်းတော့ပဲ ချန်လှပ် ထားခဲ့ပါတယ်။

ပင်စင်စားတွေ ခံစားခွင့် ဆောင်းရာသီ လောင်စာခကို ဖြတ်တောက်မယ့် အစီအစဉ် နဲ့ ကလေးထိန်း ကျောင်းတွေမှာ အခမဲ့ နေ့လယ်စာ ကျွေးမွေးတဲ့ အစီအစဉ် ဖျက်သိမ်းရေး တွေကို ဝန်ကြီးချုပ်မေ နောက်ဆုတ် သွားတာ တွေ့ရပါတယ်။

ဝန်ကြီးချုပ် မေ အနေနဲ့ ညွန့်ပေါင်း အစိုးရ တစ်ရပ် ဦးဆောင် ဖွဲ့နိုင်အောင် ဒီမိုကရက်တစ် ပြည်ထောင်စု ဝါဒီများပါတီနဲ့ကြား ဆက်လက် ဆွေးနွေး နေရဆဲ ဖြစ်ပေမယ့် အခု ဘုရင်မကြီး မိန့်ခွန်းပါ အချက်အလက်တွေကို ပါလီမန်က လက်ခံ သဘောတူ လာဖို့ ယုံကြည်ထားတယ် ဆိုပြီး ဒေါင်းနင်းလမ်း နေအိမ် ပြောခွင့်ရသူက ဆိုပါတယ်။