အနှစ် ၈ဝဝ ကျော် ရှေးအမွေ အယ်လ်-နူရီ ဗလီကို ဘယ်သူ ဖျက်ဆီးသလဲ

  • 22 ဇွန် 2017
Image caption အယ်လ်-နူရီ ဗလီကြီးဟာ အနှစ် ၈ဝဝ ကျော် သက်တမ်း ရှိပြီ

အီရတ် နိုင်ငံ မိုဆိုးလ်မြို့ တိုက်ပွဲတွေ အတွင်း ရှေးဗလီကြီး ဖြစ်တဲ့ အယ်လ်-နူရီ ကို ဖျက်ဆီး လိုက်တဲ့ လုပ်ရပ်ကို ကြည့်ရင် အစ္စလာမ်မစ် နိုင်ငံ အဖွဲ့ IS တွေ က သူတို့ ရှုံးနိမ့် သွားပြီ ဖြစ်ကြောင်း တရားဝင် ကြေညာ လိုက်တာပဲလို့ အီရတ် ဝန်ကြီးချုပ် ဟိုင်ဒါ အယ်လ်-အဘာဒီက ပြောပါတယ်။

မိုဆိုးလ်မြို့သိမ်းစစ် ဆင်နွှဲနေတဲ့ အစိုးရ သစ္စာခံ တပ်တွေကို အသည်းအသည် ခုခံ နေရတဲ့ IS တွေက အယ်လ်-နူရီ ဗလီနဲ့ အဲဒီ ဗလီရဲ့ မျှော်စင်ကို ဖောက်ခွဲ ဖျက်ဆီး ပစ်လိုက်ကြတယ် ဆိုပြီး အီရတ် အစိုးရတပ်က ပြောပါတယ်။

ကြီးကျယ် ခမ်းနားတဲ့ ရှေး အယ်လ်-နူရီ ဗလီ နဲ့ ခပ်စောင်းစောင်း ဖြစ်နေတဲ့ မျှော်စင်ဟာ ရှေး အမွေအနှစ်အဖြစ် တန်ဖိုးထားခံရတဲ့ ကမ္ဘာကျော် ရှေးလက်ရာတွေ ဖြစ်ပါတယ်။

IS တွေကတော့ အမေရိကန်တွေက အဲဒီ ဗလီ ဝတ်ကျောင်း အဝန်းအဝိုင်းကို လေကြောင်းက တိုက်ခိုက် ဖျက်စီး ပစ်ခဲ့တာလို့ ပြောနေပြီး အမေရိကန်က ငြင်းဆန် ထားပါတယ်။

အယ်လ်-နူရီ ဗလီကြီးဟာ အနှစ် ၈ဝဝ ကျော် သက်တမ်း ရှိပြီ ဖြစ်ပါတယ်။

IS ခေါင်းဆောင် အဘူ ဘာကာ အယ်လ်-ဘဂ်ဒါဒီ ဟာ ပြီးခဲ့တဲ့ ၂ဝ၁၄ ဇူလိုင်လတုန်းက အဲဒီ ဗလီကြီးမှာပဲ ပထမဆုံး အကြိမ် စပြီး သူဦးဆောင်တဲ့ အစ္စလာမ်မစ် ခါလီဖိတ် နိုင်ငံတော် ထူထောင်ပြီ ဖြစ်ကြောင်းနဲ့ သစ္စာခံကြဖို့ ကြေညာခဲ့တာ ဖြစ်ပါတယ်။

အခုလို ရှေး အမွေအနှစ် ဗလီကြီးဖျက်စီး ခံလိုက်ရတဲ့ အပေါ် ကမ္ဘာတလွှားက ပြင်းပြင်းထန်ထန် ရှုတ်ချ ပစ်တင် နေကြပါတယ်။