ယူကေမှာ ငါးနှစ်နဲ့ အထက်နေသူ အီးယူတွေ ဆက်နေခွင့်ရ

  • 23 ဇွန် 2017
ဓာတ်ပုံ မူပိုင် Reuters
Image caption ဥရောပ ကောင်စီ ဥက္ကဋ္ဌ နဲ့ ဗြိတိန် ဝန်ကြီးချုပ်မေ

ဗြိတိန် ဥရောပ သမဂ္ဂ ထဲက ထွက်ပြီးသွားရင် အီးယူအဖွဲ့၀င် နိုင်ငံသားတွေရဲ့ အခွင့်အရေး အပြည့်အဝ ရစေမယ့် အစီအစဉ် တရပ်ကို ဝန်ကြီးချုပ် ထရီစာမေက တင်ပြခဲ့ပါတယ်။

"settled EU" ဆိုတဲ့အစီအစဉ်အရ ဗြိတိန်မှာ ငါးနှစ်နဲ့ အထက် နေခဲ့သူတွေကို လူဝင်မှုကြီးကြပ်ရေး အဆင့် တရပ် သတ်မှတ်ပေးမယ်လို့ ဘရပ်စ်ဆဲလ်စ် မြို့က အီးယူခေါင်းဆောင်တွေကို မစ္စက်မေက ပြောကြားခဲ့ပါတယ်။

အဲလို သတ်မှတ်ခံထားရသူတွေဟာ ဗြိတိန် အီးယူက ထွက်ပြီးရင် ဗြိတိန်မှာ ဆက်နေခွင့်ရမှာ ဖြစ်ပြီး ပညာရေး ၊ ကျန်းမာရေးနဲ့ တခြား အကျိုးခံစားခွင့်တွေ ရရှိမှာ ဖြစ်ပါတယ်။

လက်ရှိ ယူကေမှာ နေနေတဲ့ အီးယူအဖွဲ့၀င် နိုင်ငံက ထွက်သွားမှာကို ယူကေက မလိုလားပါဘူးလို့လည်း မစ္စက်မေက ပြောပါတယ်။

အီးယူထဲက ယူကေ နိုင်ငံသားတွေကိုလည်း အလားတူဆက်ဆံရေးမျိုး လိုလားတယ်လို့ သူက ဆိုပါတယ်။

ဗြိတိန်ရောက် အီးယူ နိုင်ငံသားတွေရဲ့ အခွင့်အရေးတွေကို ကာကွယ်ပေးဖို့ က အီးယူ ဘက်က အဓိက လိုချင်တဲ့ အခွင့်အရေး ဖြစ်ပါတယ်။

ဒီမှာ နေတဲ့ ဥရောပ သားတွေက ၃ သန်းကျော်လောက် ရှိပြီး တချို့က ပြန်ပို့ခံရမှာ စိုးရိမ်နေကြပါတယ်။

အီးယူဘက်ကလည်း သူတို့ဆီရောက်နေတဲ့ ဗြိတိသျှ လူမျိုး တသန်းကျော် ကို အရင်တိုင်း တန်းတူ အခွင့်အရေး တွေ ရသင့်တယ်လို့ မစ္စစ်မေ ဘက်က မကမ်းလှမ်းခင်က အဆိုပြုခဲ့ပါတယ်။

ထရီစာမေကလည်း ဗြိတိန်မှာ ရှိတဲ့ အီးယူ နိုင်ငံသားတွေ ထွက်သွားရတာ မိသားစုတွေနဲ့ တကွဲတပြား ဖြစ်ရတာတွေ မလိုလားဘူးလို့ ချွေးသိပ်ခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption အီးယူက ဗြိတိန်ခွဲထွက်ရေး မရေမရာ

ဖြေရှင်းစရာတွေ အများကြီး

ထရီစာမေရဲ့ ကမ်းလှမ်းချက်တွေကို အီးယူ ဘက်က ကြိုဆိုခဲ့ပေမယ့်လည်း ဖြေရှင်းစရာတွေ အများကြီး ရှိသေးတယ်လို့ ဆိုပါတယ်။

ဒီထဲက ဗြိတိသျှ ကွာရှင်းပြတ်စဲရေး ဥပဒေ နဲ့ ဗြိတိန်ပိုင်တဲ့ မြောက်အိုင်ယာလန်နဲ့ အိုင်ယာလန် နိုင်ငံကြားက နယ်စပ် ကိစ္စတွေပါ။

နောက် ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ထရီစာမေ အကျနာပြီး လူနည်းစု အစိုးရ ဖွဲ့တဲ့အထိ ဖြစ်ခဲ့တော့ ဒီအီးယူက ဗြိတိန်ခွဲထွက်ရေးမှာ မရေရာမှုတွေနဲ့ ပြွမ်းတီးနေပါတယ်။

၂ ဘက်လုံးက သူတို့ နိုင်ငံသား တွေရဲ့ ရပိုင်ခွင့်နဲ့ ပတ်သက်ပြီး အမြန် ပြီးငြိမ်းချင်ကြပေမယ့် ဥပဒေ အရ အငြင်းပွားစရာတွေ ရှိလာရင် နိုင်ငံသားတွေရဲ့ အခွင့်အရေးတွေကို ဘယ်သူက အာမခံမှာလဲ၊ မိသားစုထဲမှာ တခြားမှာ နေသူတွေအတွက် အခွင့်အရေးက ဘယ်လို လာမလဲ စတဲ့ ခေါင်းကိုက်စရာတွေက ရှိနေတယ်လို့ ဘရပ်ဆဲက ဘီဘီစီ သတင်းထောက် ခရစ် မောရစ်က သုံးသပ်ပါတယ်။

နောက်ပြီး ဗြိတိန်မှာ ၅ နှစ်ထိ နေခဲ့ပြီးတဲ့ အီးယူ နိုင်ငံသားတွေကို အခြေချခွင့်ပေးမယ်ဆိုတာမှာ ဒီ ၅ နှစ်ကို ဘယ်ရက်စွဲနဲ့ ကန့်သတ်မှာလဲ ဆိုတာက မေးစရာ ဖြစ်လာပါတယ်။

နောက် ဗြိတိန်ဘက်က ကုန်သွယ်ရေး သဘောတူညီမှု စာချုပ်သစ် အတွက် အမြန်ဆွေးနွေးဖို့ လိုလားပါတယ်။ ဒါပေမဲ့ အီးယူဘက်ကတော့ အရေးကြီးတဲ့ ကိစ္စတွေ အရင် ပြောပြီးမှ ဆက်မယ်လို့ ဆိုပါတယ်။

ဥရောပ ကောင်စီ ဥက္ကဋ္ဌ Donald Tusk ကတော့ ဗြိတိန် အီးယူထဲ ဆက်နေဖို့ အတွက် တံခါးဖွင့်ထားပါသေးတယ် လို့လည်း ပြောကြားခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ