မီးဘေး ကြိုတင် စိုးရိမ်မှုနဲ့ လူ ၄ ထောင် ဝန်းကျင်ကို ရွှေ့ပြောင်း

  • 23 ဇွန် 2017
Image caption Chalcots အိမ်ယာဝင်းထဲက အိမ်ခန်းပေါင်း ၈ဝဝ ကို ရွှေ့ပြောင်း

လန်ဒန်မြို့တော် မြောက်ပိုင်း Camden အရပ်မှာ ရှိတဲ့ အထပ်မြင့် အဆောက်အဦ ၅လုံးမှာ နေထိုင်သူတွေကို အာဏာပိုင်တွေ ရွှေ့ပြောင်း ပေးနေပါတယ်။

အစိုးရရဲ့ အိုးအိမ်ဖူလုံရေး အစီအမံနဲ့ နေရာချထားတဲ့ အထပ်မြင့် အဆောက်အဦ ၅ လုံး ရှိနေတဲ့ Chalcots အိမ်ယာဝင်းထဲက အိမ်ခန်းပေါင်း ၈ဝဝ ကို ရွှေ့ပြောင်း ပေးရတာပါ။

အဲဒီ အဆောက်အဦ တွေမှာ ရာသီဥတုဒဏ် ခံနိုင်အောက် တပ်ဆင် ထားတဲ့ အကာတွေဟာ ဇွန်လ ၁၄ ရက်နေ့တုန်းက မီး အကြီးအကျယ် လောင်ခဲ့တဲ့ Grenfell တာဝါ မှာ တပ်ဆင်ထားတဲ့ အကာတွေနဲ့ အမျိုးစား တူနေတဲ့ အတွက် ဖြစ်ပါတယ်။

ဆောက်လုပ်ရေး လုပ်ငန်းမှာ Cladding လို့ ခေါ်ကြတဲ့ အဲဒီ အကာတွေဟာ မီးလောင်တဲ့ အခါ အန္တရာယ် ဖြစ်နိုင်တယ် ဆိုတဲ့ စိုးရိမ်မှု ရှိနေလို့ ဖြစ်ပါတယ်။

အခုလို မီးဘေး အတွက် စိုးရိမ်ရတယ် ဆိုတဲ့ အဆောက်အဦတွေကို ပြင်ဆင်ဖို့ တစ်လ လောက်ထိ အချိန်ယူရ နိုင်ပါတယ်။

လူ အယောက် ၄ ထောင် ဝန်းကျင်ကို ယာယီ နေထိုင်ဖို့ နေရာတွေ စီမံ ပေးထားရပြီး၊ တချို့ကတော့ သူတို့ကို ကြိုတင် အသိပေးခြင်း မရှိပဲ အခု နေရာရွှေ့တဲ့ အတွက် အင်မတန် ဒုက္ခ များရတယ် ဆိုပြီး ပြောပါတယ်။

Grenfell တာဝါ မီးလောင်မှု မှာတော့ လူပေါင်း ၇၉ ယောက်အထိ သေဆုံး နိုင်ဖွယ် ရှိတယ်လို့ လန်ဒန် ရဲတပ်ဖွဲ့က ဆိုပါတယ်။

တခါ၊ Grenfell တာဝါ မီးလောင်မှုကြောင့် ထိခိုက် ခံစား ခဲ့ရသူတွေကို လှူဒါန်းဖို့ အတွက် ရည်ရွယ် ထုတ်လုပ်ထားတဲ့ သီချင်း အယ်ဘမ်ဟာ ထွက်လာပြီး ၃ ရက် အတွင်းမှာပဲ အရောင်းရဆုံး ဇယား နံပါတ်တစ် နေရာကို ရောက်လာပါတယ်။

Bridge Over Troubled Water ဆိုတဲ့ ဖော့လ်ခ်ရော့ခ် အမျိုးအစား ခေတ်သစ် ဂန္ထဝင် သီချင်းကို နာမည်ကျော် အဆိုတော် ၅ဝ ကျော် စုပေါင်း သီဆိုတာ ဖြစ်ပြီး ယူကေ X factor ဒိုင် အဖြစ် ကမ္ဘာတလွှား လူသိများတဲ့ Simon Cowell က စီစဉ် ထုတ်လုပ်တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ