ဆော်ဒီကို ပင်လယ်နီ ကျွန်းတွေ လွှဲရေး အီဂျစ် သမ္မတ လက်မှတ်ထိုး

  • 24 ဇွန် 2017
Image caption ကျွန်း၂ ကျွန်း လွှဲရေး အီဂျစ် နိုင်ငံထဲ ပြင်းပြင်းထန်ထန် ကန့်ကွက်

ပင်လယ်နီထဲ လူမနေထိုင်တဲ့ ကျွန်းနှစ်ကျွန်းကို အီဂျစ် နိုင်ငံကနေ ဆော်ဒီအာရေဗျကို လွှဲပြောင်းပေးမယ့် အငြင်းပွားဖွယ်ရာ သဘောတူ စာချုပ်ကို အီဂျစ် သမ္မတ အဗ္ဗဒူလ် ဖာ့တ်တာဟ် အယ်လ်-ဆီဆီ လက်မှတ် ရေးထိုး ခွင့်ပြု လိုက်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ အဲဒီ စာချုပ်ကို အီဂျစ် ပါလီမန်က အတည်ပြု ပေးခဲ့တဲ့ အတွက် အီဂျစ် နိုင်ငံထဲ ပြင်းပြင်းထန်ထန် ကန့်ကွက် ဝေဖန်သံတွေ ထွက်လာ ခဲ့ပါတယ်။

ဆော်ဒီကို ကျွန်း နှစ်ကျွန်း လွှဲပေးမယ့် အစီအစဉ် ရှိတယ် ဆိုပြီး သမ္မတ ဆီဆီ စတင် ကြေညာခဲ့တဲ့ ပြီးခဲ့တဲ့ နှစ်ကတည်းက ဆန္ဒပြ ကန့်ကွက်ပွဲတွေ ကြီးကြီးမားမား ဖြစ်ခဲ့ပါတယ်။

အဲဒီ နောက်မှာတော့ သဘောတူမှုကို ယာယီ ဖျက်သိမ်းပြီး တရားဝင် ဖြစ်အောင် အီဂျစ် အာဏာပိုင်တွေ အချိန်ယူ ဆောင်ရွက် ခဲ့ကြတာပါ။

ပင်လယ်နီထဲက အဲဒီ ကျွန်းတွေဟာ သမိုင်းကြောင်းအရ ဆော်ဒီက အစဉ်အဆက် ပိုင်ဆိုင်ခဲ့တာ ဖြစ်ပြီး လွန်ခဲ့တဲ့ အနှစ် ၆ဝ ကျော်ကမှ အီဂျစ်ရဲ့ စောင့်ရှောက် ကာကွယ်မှုအောက် ရောက်ရှိ ခဲ့တာ ဖြစ်တယ်လို့ နှစ်နိုင်ငံ အစိုးရတွေက ပြောပါတယ်။